ပဲခူး တိုင်းဒေသကြီး (အရှေ့ပိုင်း) ဆက်သွယ်ရေး စခန်း များ ကြည့်ရူ စစ်ဆေး

နေပြည်တော်                        ၂၀၁၄ ခုနှစ်၊ မတ်လ (၂၇)ရက်

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိသူ များ လိုက်ပါ လျက် မတ်လ (၂၇)ရက် နေ့ တွင် ပဲခူး တိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဆွာမြို့ အော်တို အိတ်ချိန်း သို့ ရောက်ရှိလာ ရာ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ တိုင်းဒေသကြီးမန်နေဂျာမှ အော်တိုအိတ်ချိန်း အတွင်း တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များ အား အသီးသီးရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ စက်များအား ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် အရန်စက်ပစ္စည်းများ တပ်ဆင်ထားရှိရေး၊ ပြည်သူလူထုနှင့် ဆက်ဆံ‌ပြောဆို ဆောင်ရွက်ရာတွင် လျှင်မြန်လွယ်ကူအောင် စေတနာအပြည့်အဝဖြင့် လုပ်ငန်းများအား အဆင့်လိုက် ဖြေလျော့ကာ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။

၄င်းမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကေတုမတီမြို့သစ်ရှိ စာတိုက်စခန်းနှင့် အော်တို အိတ်ချိန်းသို့ ရောက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ ဆက်သွယ်မှုများမပြတ်တောက်စေရေးနှင့် အဝေးဆက်သွယ်မှုလိုင်းများ အမြဲကောင်းမွန်ရရှိစေရေး၊ ငွေကြေးသုံးစွဲမှုများစနစ်တကျရှိစေရန်နှင့် လေလွင့်မှုမရှိစေရေး အတွက်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့သို့ ရောက်ရှိပြီး GSM/UMTS စခန်း၊ အော်တိုအိတ်ချိန်းစက်ခန်း၊ Micro Wave စက်ခန်းနှင့် စာတိုက်စခန်းတို့အား ဝင်ရောက်ကြည့်ရှု စစ်ဆေးရာတာဝန်ခံ အင်ဂျင်နီယာများမှ စက်ပစ္စည်းများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု လုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ စက်ပစ္စည်းများ၏ တန်ဘိုးနှင့် စွမ်းဆောင် ရည် မြင့်မားသည့်အတွက် လုံခြုံထိန်းသိမ်းမှုအသိဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် စက်ပစ္စည်း များအား စဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်သွား ကြရန် မှာကြားခဲ့ပါသည်။

၄င်းမှတစ်ဆင့် ပဲခူးမြို့တိုင်းဒေသကြီးမန်နေဂျာရုံးသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်သူများအား ဝန်ဆောင်မှု အကောင်းဆုံးဖြစ်အောင် စေတနာထား၍ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။