ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်-ပို့ဆောင်ရေး-နှင့်-ဆက်သွယ်ရေးဝန်ကြီးဌာန-လုပ်ငန်းစဉ်များ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏-လုပ်ငန်းစဉ်များ


မူဝါဒ

 

      ဝန်ကြီးဌာန၏ မူဝါဒများကို နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့် တည်ဆဲလုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေသည့် မူဝါဒများနှင့် ပေါင်းစပ်၍လည်းကောင်း၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်နေသောဝန်ကြီးဌာနများ၏ မူဝါဒများနှင့် ချိန်ညှိ၍ အောက်ပါအတိုင်း ရေးဆွဲဖော်ပြအပ်ပါသည်-

 

(က)     ပို့ဆောင်ရေးကဏ္ဍ

(၁)  သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍတစ်ရပ်လုံး စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး၊

(၂) မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ရေကြောင်းပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် လက်ရှိကျင့်သုံးနေသော နိုင်ငံရေး၊ စီးပွားရေးစနစ်များနှင့် အညီ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်ရုံး သတ်မှတ်ပြဋ္ဌာန်းချက်များ အတိုင်း အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံခြားချေးငွေ၊ နိုင်ငံခြားအထောက်အပံ့များ ရယူ၍လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် J.V, BOT နှင့် PPP စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လည်းကောင်း ဆောင်ရွက်သွားရေး၊

(၃) မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ လေကြောင်းပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် လက်ရှိကျင့်သုံးနေသော နိုင်ငံရေး၊ စီးပွားရေး စနစ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်တို့၏ သတ်မှတ် ပြဋ္ဌာန်းချက်များအတိုင်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန်နှင့် လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံခြားချေးငွေ၊ နိုင်ငံခြား အထောက်အပံ့များ ရယူ၍လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် J.V, BOT နှင့် PPP စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်သွားရေး၊

(၄) သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှုမရှိစေရေးအတွက် ထိရောက်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နှင့် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဆိုင်ရာ သဘာဝဘေးများအတွက် လူထုအတွက် ထိရောက်သည့် ခေတ်မီသော ကြိုတင်သတိပေးစနစ်‌ ဖော်ဆောင်ရန်၊

(၅) ရထားပို့ဆောင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိသည့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင် နိုင်ငံတော်နှင့် ပြည်သူတို့ အားထားနိုင်သည့် ရထားလုပ်ငန်းတစ်ခုအဖြစ် ရပ်တည် နိုင်ရေးအတွက် ကြိုးပမ်းတည်ဆောက်ရန်နှင့် ရထားမြေအပါအဝင် မိမိစွမ်းအားစု များကိုအသုံးပြုပြီး ရထားဝင်ငွေပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့်ပေါင်းစပ်၍ ရထားလမ်း တစ်လျှောက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ကဏ္ဍစုံလုပ်ငန်းများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုသွားရေး၊

(၆) ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety)အတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းတိုးမြှင့် ဆောင်ရွက်ရေးနှင့် မော်တော်ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေး၊

(၇) နိုင်ငံတော်၏ ပို့ဆောင်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍများအတွက် စိတ်ဓာတ်၊ စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့် အရည်အသွေး ပြည့်မီသော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရေး။

 

( ခ )     ဆက်သွယ်ရေးကဏ္ဍ   

(၁)    ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ စံသတ်မှတ်ချက် များနှင့်အညီ အခြေခံအဆောက်အဦများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်၍ ဆန်းသစ်တီထွင်မှုရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဆောင်ရွက်စေခြင်းဖြင့် အများပြည်သူ၏  လူမှုစီးပွားအခြေအနေများ တိုးတက် လာစေရေး၊

(၂)    e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး တိုးမြှင့်ဆောင်ရွက်ရေး၊

(၃)    စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းကို ခေတ်မီစက်ကိရိယာများ တပ်ဆင်၍ အရည်အသွေးကို ပြည်သူလူထု ယုံကြည်မှု အပြည့်အဝရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး၊

(၄)    ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ တိုးတက်ပြောင်းလဲလာစေရန် ဆောင်ရွက်သွားရေး၊

(၅)    ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကျေးလက်နှင့် မြို့ပြဒေသများ အားလုံး ဖြန့်ကျက်သုံးစွဲနိုင်ရေးနှင့် သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံတစ်ဝှမ်းမှ မည်သူမဆို ဆက်သွယ်မှု အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်သွားရန်နှင့် နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ဆောင်ရွက်ရေး။

 

ရည်မှန်းချက်


      ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ရည်ရွယ်ချက်များ ချမှတ်ရာတွင် မူဝါဒများအပြင် နိုင်ငံတော်၏ နှစ်အလိုက် ဦးစားပေးကဏ္ဍများ၊ ဦးစားပေးဒေသများ၊ ဦးစားပေးအကြောင်းအရာများနှင့် ချိန်ညှိ၍ နှစ်အလိုက် ရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

      ဤဝန်ကြီးဌာန၏ ရည်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

 

(က)     ပို့ဆောင်ရေးကဏ္ဍ

(၁)    နိုင်ငံတော်မှ ချမှတ်ထားသော မဟာဗျူဟာများနှင့်အညီ ပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲခြင်း၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း၊ ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများအပေါ် ကြီးကြပ်ခြင်းနှင့် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ရန်၊

(၂)    ရေကြောင်း/လေကြောင်းဖြင့် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးကို ဦးစားပေးလျက် ပို့ဆောင်မှုပမာဏအား နိုင်ငံတော်မှ ချမှတ်သည့်နှစ်စဉ် GDP-Growth Rate ထက် ပိုမိုရရှိအောင် ဆောင်ရွက်သွားရန်၊

(၃)    Efficient Transport Network System အား Demand and Supply Concept နှင့် နိုင်ငံရေး၊ စီးပွားရေးအခြေအနေ ပြောင်းလဲမှုအပေါ်အခြေခံ၍ တည်ထောင် ဆောင်ရွက်သွားရန်၊

(၄)    ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများတွင် အများပိုင်၊ ပုဂ္ဂလိကပိုင်နှင့် ဖက်စပ်လုပ်ငန်းစနစ်အား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော အခြေအနေ များနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရန်၊

(၅)    ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အစဉ်အမြဲ တိုးတက်နေစေရန် လေ့ကျင့် ဆောင်ရွက်ပေးမည်။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေး အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများဖြစ်အောင် လေ့ကျင့် မွေးထုတ်ရန်၊

(၆)    လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်၊ မိမိရှာဖွေသည့် ဘဏ္ဍာငွေဖြင့် ပြန်လည်၍ ရင်းနှီးမြှုပ်နှံမှုအတွက် လုံလောက်မှုမရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံ လိုအပ်သော ဘဏ္ဍာငွေ တင်ပြတောင်းခံဆောင်ရွက်ရန်၊

(၇)    လေယာဉ်များ/သင်္ဘောများ ဝယ်ယူ၊ တည်ဆောက်ဖြည့်တင်းခြင်းနှင့် ဆိပ်ကမ်း/ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန်၊

(၈)    ခေတ်မီ သတင်းနည်းပညာနှင့် အတွေးအခေါ်များ အသုံးပြု၍ အရည်အချင်း ပြည့်ဝသော ဝန်ထမ်းများဖြင့် အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရန်၊

(၉)    စဉ်ဆက်မပြတ် စောင့်ကြည့်သည့်စနစ်ဖြင့် အရည်အသွေးအာမခံ အကဲဖြတ်ခြင်းအား ဆောင်ရွက်သွားရန်၊

(၁၀)    လေယာဉ်/ရေယာဉ် မောင်းနှင်သူများနှင့် ပြုပြင်ထိန်းသိမ်းသူများ၏ ကျွမ်းကျင်မှု အဆင့်အတန်းအား စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွားရန်၊

(၁၁)     စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်သူများ၏ ပင်ကိုယ်အရည်အသွေး ထိန်းသိမ်း မြှင့်တင်ရန်အတွက် မွမ်းမံသင်တန်းများ ပုံမှန်ဖွင့်လှစ်ပို့ချ လေ့ကျင့်သွားရန်၊

(၁၂)     နိုင်ငံတကာသင်္ဘောလိုင်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် သင့်လျော်သည့် နိုင်ငံသားများအား လိုအပ်သည့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ လေ့ကျင့်သင်ကြားပို့ချပြီး အလုပ်အကိုင်တိုးမြှင့်ရရှိရေး ဆောင်ရွက်သွားရန်၊

(၁၃)     နိုင်ငံတကာ လေကြောင်းလိုင်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အရည်အချင်း ပြည့်မီသည့် နိုင်ငံသားများအား လေယာဉ်မောင်းသင်ကျောင်းများ တည်ထောင် ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးပြီး အလုပ်အကိုင် တိုးမြှင့်ရရှိရေး ဆောင်ရွက်သွားရန်၊

(၁၄)     သဘာဝဘေးအန္တရာယ်များအတွက် လူထုအတွက် အချိန်နှင့်တစ်ပြေးညီ ထိရောက်သော ကြိုတင်သတိပေးနိုင်ရေး၊ ကုန်း၊ ရေ၊ လေကြောင်းခရီးများ လုံခြုံချောမွေ့စေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရာသီဥတု သတင်းအချက်အလက် ပံ့ပိုးပေးရေး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အား စဉ်ဆက်မပြတ် လေ့လာသုံးသပ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် လုပ်ငန်းများကို ထိရောက်စွာ အကျိုးပြုစေရေး၊ မိုးလေဝသ၊ ဇလဗေဒနှင့် မြေငလျင်လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် သုတေသန၊ ပညာပေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊

(၁၅)    နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ကဏ္ဍမှ ထိရောက်စွာ ပါဝင်အထောက်အကူပြုရန်၊

(၁၆)    လက်ဝယ်ရှိ လူ၊ ပစ္စည်းအစရှိသော စွမ်းအားစုများကို အကျိုးရှိဆုံး အသုံးပြုနိုင် ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အစဉ်တစိုက် စီမံဆောင်ရွက်၍ နိုင်ငံတော်နှင့် ပြည်သူတို့ အားထားနိုင်သည့် ရထားလုပ်ငန်းတစ်ခုအဖြစ် ရပ်တည် နိုင်ရန်၊

(၁၇)    ရထားလမ်းတစ်လျှောက်ရှိ ရထားမြေများကို အသုံးချ၍ နိုင်ငံတော်အတွက် ဝင်ငွေရရှိရေး ဆောင်ရွက်လျက် တစ်ချိန်တည်းတွင် ရထားလမ်းဖြင့် ဆက်စပ် နေသော နေရာများပါ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်ရန်၊

(၁၈)    အဆင့်မြင့်ယာဉ်များဖြင့် အဝေးပြေး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ် အရန်ပစ္စည်းများ မွမ်းမံထုတ်လုပ်ခြင်း၊ အဆင့်မြင့် ယာဉ်များအား ပြုပြင်နိုင်သည့် ယာဉ်ပြင်သင်တန်းများ၊ ယာဉ်မောင်းသင်တန်းများ၊ မော်တော်ဆိုင်ကယ် စီးနင်းသူများအတွက် ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် BOT စနစ်ဖြင့် မြေငှားရမ်းရေးဆောင်ရွက်ရန်၊

(၁၉)    အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ သွားလာအသုံးပြု နိုင်ရေးအတွက် မော်တော်ယာဉ်များကို စစ်ဆေး၍ ဥပဒေနှင့်အညီ မှတ်ပုံတင် ပေးခြင်း၊ ယာဉ်မောင်းများကို စစ်ဆေး၍ ဥပဒေနှင့်အညီ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးရန်၊

(၂၀)     လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူချောမွေ့စေရေး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းစေရေး ကာကွယ်ဆောင်ရွက်ရန်နှင့် မော်တော်ယာဉ်ကြောင့် ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေး ဆောင်ရွက်ရန်၊

(၂၁)     လုပ်ငန်းလက်စွဲပါ  လုပ်နည်းစနစ်များနှင့် တိုးတက်လာသော  နည်းပညာများကို ကျွမ်းကျင် တတ်မြောက်စေရေး လေ့ကျင့်ပေးရန်၊ လက်ဝယ်ရှိ စွမ်းအားစုများကို ထိရောက်စွာ ပေါင်းစပ်သုံးစွဲစီမံခန့်ခွဲ၍ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်စေရန်၊ အမျိုးသားနိုင်ငံရေးဖြစ်စဉ်ကို သိမြင်နားလည်ပြီး ပြည်သူနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်။

 

( ခ )    ဆက်သွယ်ရေးကဏ္ဍ

(၁)    နိုင်ငံတကာစံနှုန်းများ၊ ဆက်သွယ်ရေးဥပဒေ၊ နည်းပညာများနှင့်အညီ ပြည်တွင်း/ ပြည်ပကုမ္ပဏီများအား ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်စေပြီး၊ ဘဏ္ဍာရေး အရင်းအမြစ်ဖြစ်သော လှိုင်းနှုန်းစဉ် အသုံးပြုခများ၊ လိုင်စင်ကြေးများ အပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်ရန်၊

(၂)    ဆက်သွယ်ရေး စျေးကွက်အား ယှဉ်ပြိုင်မှုရှိသည့် စျေးကွက်အဖြစ် တည်တံ့စေရန် ထိန်းသိမ်းခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများအား အများပြည်သူမှ ထိုက်သင့်မျှတသော နှုန်းထားဖြင့် ရယူသုံးစွဲနိုင်စေရန်၊

(၃)    ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူနှင့် ရယူသုံးစွဲသူများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊

(၄)    ဆက်သွယ်ရေးကဏ္ဍအား ထိရောက်စွာ ကြီးကြပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ရန်၊

(၅)    ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နေရာဒေသမရွေး အခြေခံဆက်သွယ်ရေး ဝန်ဆောင်မှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ထုတ်ပြန်ထားရှိပြီးသည့် အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာမဟာဗျူဟာ(၂၀၁၉-၂၀၂၃)ပါ အစီအစဉ်များအား အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၈)ဖြင့်  ထူထောင်ထားရှိပြီးဖြစ်သည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်း ရန်ပုံငွေကိုအသုံးပြု၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊

(၆)    ဆက်သွယ်ရေးကွန်ရက်အား မြန်မာနိုင်ငံလူဦးရေ၏ ၉၀% ကျော်အထိ လွှမ်းခြုံမှု ရှိစေရေး ဆောင်ရွက်သွားရန်၊

(၇)    နိုင်ငံတော်၏ ကန့်သတ် အရင်းအမြစ်များဖြစ်သည့် လှိုင်းနှုန်းစဉ်နှင့် ဆက်သွယ်ရေး နံပါတ်များ၊ အီလက်ထရောနစ် လိပ်စာများအား အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စီမံခန့်ခွဲရန်၊

(၈)    ပြည်သူများအနေဖြင့် ယှဉ်ပြိုင်မှုရှိပြီး အရည်အသွေးကောင်းမွန်သည့် စာပို့တိုက် ဝန်ဆောင်မှုများ ရရှိနိုင်စေရန်အတွက် စာပို့တိုက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲသွားရန်၊

(၉)  e-Government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်၊

(၁၀) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ e-Government နှင့် E-Commerce လုပ်ငန်းစဉ်များ၊ ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းများ၏ Online ဝန်ဆောင်မှု များအား ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုပေးနိုင်ရန်နှင့် လုံခြုံစိတ်ချစွာရယူသုံးစွဲ နိုင်စေရန်၊ ပြည်သူများ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိအမြင်များ ဖွံ့ဖြိုးတိုးတက် စေပြီး ဆိုက်ဘာတိုက်ခိုက်ခံရမှုများ လျော့ကျအောင် ဆောင်ရွက်ရန်၊

(၁၁) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေး ကော်ပိုရေးရှင်း အသွင် ပြောင်းလဲနိုင်ရေး ဆောင်ရွက်သွားရန်၊

(၁၂)   မြန်မာ့စာတိုက်လုပ်ငန်းအား “လူတိုင်းအတွက် မြန်မာ့စာတိုက်”ဟူသည့် ရည်မှန်းချက်ဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်သူများ စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ရေး ဝန်ဆောင်မှုအသစ်များ ချဲ့ထွင်ဆောင်ရွက်ရန်၊

(၁၃)  မြန်မာ့စာတိုက်လုပ်ငန်းအား နိုင်ငံတော်ဘတ်ဂျက်ကို ရယူသုံးစွဲပြီး၊ ခေတ်မီသည့် IT နည်းစနစ်များ အသုံးပြုပြီး အရည်အသွေး ပြည့်ဝသည့် စာတိုက်ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်။

 

လုပ်ငန်းစဉ်


      ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ရန်အတွက် လုပ်ငန်းစဉ်များကို အရအသုံးမှန်းခြေ ငွေစာရင်းနှင့် ကိုက်ညှိ၍ plan to budgeting နည်းစနစ်ဖြင့် ပြုစုတင်ပြအပ်ပါသည်။ သို့ရာတွင် အချို့လုပ်ငန်းစဉ်များမှာ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း အကျိုးအမြတ် ဖြစ်ပေါ်နိုင်ပြီး၊ အချို့သော လုပ်ငန်းစဉ်များမှာ ကာလတိုနှင့် ကာလရှည်များ၌သာ သိသာထင်ရှားပေါ်လွင်နိုင်ပါသည်။ လုပ်ငန်းစဉ် များမှာ-

 

(က)     လေကြောင်းပို့ဆောင်ရေးကဏ္ဍ

(၁) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအပေါ်မှ ဖြတ်ကျော် ပျံသန်း၊ ဆင်းသက်ရပ်နားသည့် ပြည်တွင်း၊ ပြည်ပ လေယာဉ်များ ဘေးအန္တရာယ် ကင်းဝေးစွာ ပျံသန်းနိုင်ရေးနှင့် လိုရာခရီးသို့ လုံခြုံချောမွေ့စွာဖြင့် အချိန်မှန် သွားလာနိုင်ရေးကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိရာတွင် လေကြောင်း လိုင်းများ၊ လေဆိပ်များ၊ လေကြောင်းပျံသန်းမှု အထောက်အကူပြုပစ္စည်းများအား နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ရန် ရည်မှန်းချက်ထား အကောင် အထည်ဖော် ဆောင်ရွက်မည်၊

(၂)    လေဆိပ်သစ်တည်ဆောက်ရေးလုပ်ငန်း၊ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် လေကြောင်း ပညာသိပ္ပံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်၊

(၃)    မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ တိုးချဲ့ ပျံသန်းနိုင်ရေး၊ ATR လေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း (MRO) အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ အခြားဝင်ငွေရရှိနိုင်ရန် လေကြောင်းစီးပွားရေးနှင့် ဆက်စပ်သော လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ခရီးသည်နှင့် ကုန်စည်များ လုံခြုံရေးနှင့် ဘေး အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အစီရင်ခံသည့် ကာလအတွင်း ATR 72 600 လေယာဉ် (၇)စီး၊ ငှားရမ်းပြေးဆွဲနေသော Embraer E 190 လေယာဉ် (၂)စီး၊ Boeing 737 လေယာဉ် (၄)စီး၊ Caravan 208 B လေယာဉ် (၂)စီးဖြင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ (၆)လအတွင်း ပျံသန်းချိန် နာရီ ၁၂၀၄၈ ဖြင့် ခရီးသည် ၀.၄၀၂ သန်းနှင့် ကုန်တန်ချိန် ၈၈၀ တန် ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ATR လေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မိမိကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပတွင် ဆောင်ရွက်ခြင်းထက် အသုံးစရိတ် လျော့နည်း သက်သာပြီး၊ အခြားလေကြောင်းလိုင်းများ/လုပ်ငန်းများ၏ ATR လေယာဉ် များကိုပါ လက်ခံဆောင်ရွက်ပေးခြင်းအားဖြင့် ဝင်ငွေ တိုးတက်ရရှိမည်ဖြစ်ပါသည်။ ခရီးသည်နှင့် ကုန်စည်များ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်ရေး အတွက် လေယာဉ်မှူး၊ လေယာဉ်သား၊ အင်ဂျင်နီယာ၊ စက်မှုကျွမ်းကျင်ဝန်ထမ်းများ၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဝန်ထမ်းများအား အပြည်ပြည်ဆိုင်ရာ လေကြောင်း အဖွဲ့အစည်းများ၏ သတ်မှတ်ချက်များအတိုင်း လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်မည်။

 

( ခ )    ရေကြောင်းပို့ဆောင်ရေးကဏ္ဍ

(၁)        ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်မှ ဦးစီး၍ ဌာနခွဲ (၉)ခုဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ ရေကြောင်းဘက်ဆိုင်ရာဥပဒေ စည်းမျဉ်း၊ စည်းကမ်းများအား ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ကျင့်သုံးခြင်း၊ မြန်မာ နိုင်ငံ၏ ရေကြောင်းဥပဒေဘက်ဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ အထက် အဖွဲ့အစည်းများသို့ အကြံပြုတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့၏  အဖွဲ့ဝင်နိုင်ငံတာဝန်များနှင့် အာဆီယံ၊ ဘင်းစတက်စသည့် ဒေသတွင်းနိုင်ငံများ၏ ရေကြောင်းဘက်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ တာဝန်ခံဌာန အဖြစ် ဆောင်ရွက်ခြင်း၊ ရေကြောင်းဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားရေး Maritime Training and Certification(MET)ကို အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခြင်း၊ သင်္ဘောသားများ ကျွမ်းကျင်မှုနှင့် တတ်ကျွမ်းကျင်မှု အရည်အချင်း Competency Standard ပြည့်မီစေရေး နိုင်ငံတကာ စံနှုန်းများနှင့်အညီ စစ်ဆေးအကဲဖြတ်ခြင်း၊ လက်မှတ်ထုတ်ပေးခြင်းနှင့် အတည်ပြုပြန်ကြားခြင်း၊ နိုင်ငံခြားသွားသင်္ဘောများ၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များကို မှတ်ပုံတင် ထုတ်ပေးခြင်း၊ တိုင်းတာစစ်ဆေးခြင်း၊ လုပ်ငန်းစစ်ဆေးခြင်းနှင့် လက်မှတ် ထုတ်ပေးခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွားရေယာဉ်များကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်းနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်ခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များနှင့် ရေယာဉ် ဝန်ထမ်းများကို ရေကြောင်းအန္တရာယ် ကင်းရှင်းရေးအတွက် ကြီးကြပ်ခြင်း၊ လေ့ကျင့်ပညာပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း၊ ရေကြောင်းဘက်ဆိုင်ရာ မတော်တဆဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း၊ ရေကြောင်း အန္တရာယ်ကင်းရှင်းရေး၊ ရေကြောင်းသတိပေးချက်များ ထုတ်ပြန်ခြင်းနှင့် ရေထု ညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကိစ္စရပ်များအား စီမံဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ ရေကြောင်းသင်္ဘောနှင့် ဆိပ်ကမ်းများဆိုင်ရာ လုံခြုံရေးကိစ္စရပ်များအား စီမံဆောင်ရွက်မည်၊

(၂)      မြန်မာနိုင်ငံ၏ Port State, Flag State and Coastal State ဆိုင်ရာ ကိစ္စရပ်များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊ မြန်မာသင်္ဘောသားများနှင့် သင်္ဘော ပိုင်ရှင်များအကြား စာချုပ် ချုပ်ဆိုသည့်ကိစ္စရပ်များနှင့် အလုပ်ရှင်/အလုပ်သမား စည်းကမ်းဆိုင်ရာများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသင်္ဘောများသို့ မြန်မာသင်္ဘောသားများ သွားရောက်တာဝန်ထမ်းဆောင်ခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်း Seafarer Recruitment and Placement Services (SRPS) ကုမ္ပဏီများကို ကြီးကြပ်ခြင်း၊ မြန်မာသင်္ဘောသားအဖြစ် မှတ်ပုံတင်ခြင်း အထောက် အထားလက်မှတ် Seafarers' Identity Documents (SID)နှင့် မှတ်တမ်း စာအုပ် Seafarer Identification Record Book (SIRB) ထုတ်ပေးခြင်း၊ မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များအား ရေကြောင်း အန္တရာယ် ကင်းရှင်းရေးအတွက် ကြီးကြပ်ခြင်း၊ လေ့ကျင့်ပညာပေးခြင်းကိစ္စရပ် များအား ဆောင်ရွက်ပေးလျက်ရှိပါသည်၊

(၃)       ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြန်မာ နိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်ဝကျွန်း ပေါ်ရှိ မြစ်များနှင့် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်များရှိ ရေလမ်းကြောင်းများတွင် ရေလမ်းကြောင်း ကောင်းမွန်စေရေး၊ ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ မြို့ရွာများ ရေတိုက်စားမှုမှ ကာကွယ်ရေး၊ စီမံကိန်းဝင် မြစ်ကူး တံတားကြီးများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် မပြတ်စစ်ဆေးပေးရေး၊ ရေထုညစ်ညမ်းမှု မပေါ်ပေါက်စေရေး၊ မြစ်ကြောင်းများ ရေအနက် မြင့်မားလာ စေရေးနှင့် ရေယာဉ်များ ကုန်တင်အလေးချိန် တိုးတက်တင်ဆောင်သွားလာနိုင် ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်၊

(၄)       ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လည်းကောင်း၊ ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်း၊ ချင်းတွင်းမြစ် ရေလမ်း ဖွံ့ဖြိုးရေးလုပ်ငန်း၊ ရခိုင်ပြည်နယ်ရှိ ရေလမ်းကြောင်းများ ရေလမ်းကောင်းမွန် ရေးလုပ်ငန်း၊ ရေအရည်အသွေး စမ်းသပ်ရေးလုပ်ငန်း၊ သဲနုန်းသယ်ယူပို့ချမှု တိုင်းတာခြင်းလုပ်ငန်း၊ ဗိုလ်မြတ်ထွန်းတံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ထားသော ရေလမ်းထိန်း အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်မည်၊

(၅)       မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မိုးလေ၀သ၊ ဇလဗေဒနှင့် မြေငလျင်ဆိုင်ရာ ကြိုတင်သတိပေးချက်များ၊ ခန့်မှန်းချက်များနှင့် အခြေအနေ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်မှန်ကန်စွာ ထုတ်ပြန်နိုင်ရေး အတွက် အလိုအလျောက် တိုင်းထွာနိုင်သော ခေတ်မီစက်ကိရိယာ (၁၅၈)စခန်း တပ်ဆင်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများကို Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Online ဖြင့် တက်ရောက်သင်ကြားလျက်ရှိပါသည်။ အလားတူ မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာနများနှင့်လည်း Video Conferencing စနစ်ဖြင့် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်၊

(၆)       ခန့်မှန်းချက်များ တိကျမှန်ကန်စေရေးနှင့် ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ မိုးလေဝသတိုင်းတာချက်များကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မိုးလေဝသဌာနများနှင့် ခေတ်မီဂြိုဟ်တုဆက်သွယ်ရေး စနစ်များ အသုံးပြုပြီး နေ့စဉ် (၃)နာရီတစ်ကြိမ် သတင်းဖလှယ်ရေး၊ ပြောင်းလဲ လာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူပြုရေး၊ ရေဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ရေသယံဇာတ စီမံခန့်ခွဲရေးလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရေး၊ မိုးရေတွင် အက်ဆစ်ဖြစ်ထွန်းမှုနှင့် လေ အရည်အသွေးဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ လေထုညစ်ညမ်းမှု လျော့ပါးစေရေးအတွက် စီမံချက်များ ရေးဆွဲရာတွင် အထောက်အကူပြုစေရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်ရေး၊ မြေငလျင်ကြော ကြီးများ၏ ရွေ့လျားမှုကို လေ့လာရေး၊ မြေငလျင်လှုပ်ရှားမှုများကို သတင်းထုတ်ပြန် နိုင်ရေးနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာမှုအား ကြိုတင်သတိပေးချက်များ ထုတ်ပြန်နိုင်ရေး၊ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် မြစ်ငယ်များအနီးတွင် နေထိုင်သော ပြည်သူလူထုများတွင် ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မြစ်ရေကြီးခြင်း သတိပေးချက်နှင့် မြစ်ရေအခြေအနေ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်၊

(၇)       ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ရေယာဉ်များနှင့် ခရီးသည်၊ ကုန်များ အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကုန်နှင့် ခရီးသည်များကို သယ်ယူရာတွင် လိုအပ်ချက်နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်မည်၊

(၈)  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းအသီးသီးသို့ ပင်လယ်ကူး သင်္ဘောကြီးများ ကုန်များ သယ်ဆောင်ရန်အတွက် ဝင်/ထွက်သွားလာရာတွင် တိုတောင်းသော အချိန်ကာလအတွင်း ကုန်တင်ခြင်း၊ ကုန်ချခြင်း၊ တစ်ဆင့် လွှဲပြောင်းကုန်များ လက်ခံပေးပို့ခြင်းများစသည့် ကုန်ကိုင်တွယ်မှုလုပ်ငန်းများကို အဓိကဆောင်ရွက်ပြီး ဆိုက်ကပ်လာသည့် သင်္ဘောကြီးများ လျှင်မြန်စွာ ပြန်လည် ထွက်ခွာစေနိုင်ရန် လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသော ဌာနတစ်ခုဖြစ်ပါသည်။ ဆိပ်ကမ်း အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ တည်ဆောက်လျက်ရှိသော ဆိပ်ကမ်း တံတားများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့်/တည်ဆောက်လျက် ရှိသော ဆိပ်ကမ်းတံတားများအား သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးမီ ပြီးစီးနိုင်ရန် ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရေကြောင်း ကုန်စည် (၉၀)%ကျော်ကို ကိုင်တွယ်လျက်ရှိပါသည်၊

 (၉)    ဂျပန်နိုင်ငံချေးငွေဖြင့် သီလဝါဆိပ်ကမ်းစီမံကိန်း မြေကွက်အမှတ်(၂၅၊ ၂၆)တွင် ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည်ဆိပ်ကမ်း တည်ဆောက်ခြင်းလုပ်ငန်း (ပထမအဆင့်၊ ဒုတိယပိုင်း)၊ ရန်ကုန်မြစ်အတွင်း နိုင်ငံခြားပင်လယ်ကူး သင်္ဘောကြီးများ ဝင်/ထွက်ရာတွင် လိုအပ်သော ရေအနက်ရရှိရေးအတွက် အပြင် စည်းခုံ ရေလမ်းကြောင်းနှင့် အတွင်းစည်းခုံ ရေလမ်းကြောင်းအား သောင်တူး လုပ်ငန်းဆောင်ရွက်ခြင်း၊ မီးပြတိုက်များ အကြီးစားမွမ်းမံခြင်း၊ ဆိပ်ကမ်းပိုင် အဆောက်အဦများ အကြီးစားမွမ်းမံခြင်းနှင့် ရေကာတံတိုင်းနှင့် ရေထိန်းနံရံများ အကြီးစားမွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊

(၁၀)    မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေဖြင့် ပြည်တွင်းပြည်ပမှ လုပ်ငန်းအပ်နှံလာသည့် ရေယာဉ်များအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ပေးခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ပြင်ဆင်မည့် ရေယာဉ်များကိုလည်း သတ်မှတ်ချိန်အတွင်း အရည်အသွေး ကောင်းမွန်စွာဖြင့် ပြင်ဆင်ပေးခြင်းအား ဆောင်ရွက်မည်ဖြစ် ပါသည်။ အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် စက်ကိရိယာ တန်ဆာပလာများ ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ပါသည်၊

(၁၁)     မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ မိမိဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ရေယာဉ်တည်ဆောက်ရေးနှင့် ရေယာဉ်ပြင်ဆင်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အင်ဂျင်နီယာများအား လေ့ကျင့်သင်ကြားပေးရေးအစီအစဉ်များ ဆောင်ရွက်ရေး၊ ရေယာဉ်တည်ဆောက်ရေးနှင့် ရေယာဉ်ပြင်ဆင်ရေးလုပ်ငန်းများအတွက် ဈေးကွက်များရရှိရေးတို့ကို ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

 

( ဂ )     ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ

(၁)       ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအနေဖြင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေအရ စီးပွားရေးအလို့ငှာ ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်သူများအားလည်းကောင်း၊ ဘက်စုံ သယ်ယူပို့ဆောင်ရေး ဥပဒေအရ လုပ်ငန်းဆောင်ရွက်သူများအားလည်းကောင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်၊ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း၊ အခွန် အခများ စည်းကြပ်ကောက်ခံခြင်း၊ သတ်မှတ်စည်းကမ်းများ လိုက်နာစေရေး အတွက် ကြီးကြပ်ခြင်း၊ တာဝန်ပေးအပ်ချက်အရ နိုင်ငံတော်အဆင့်နှင့်  ဒေသ အစိုးရအဆင့် အခမ်းအနားများ၊ အရေးပေါ်ကိစ္စများအတွက် ယာဉ်များအား  သက်ဆိုင်သည့် ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ခြင်းများကို စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါသည်၊

(၂)   ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၆)ဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀ ပြည့်နှစ်)ကို အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ် နည်းဥပဒေများ အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဘက်စုံစာရင်းအင်းစနစ်နှင့် အမျိုးသားအဆင့် စာရင်းအင်း အချက်အလက်များတွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် မှတ်ပုံတင်ယာဉ်စာရင်းများ၊ ယာဉ်မောင်းလိုင်စင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ကြိုတင်ဆောင်ရွက်ထားရှိခြင်း၊ မော်တော်ယာဉ် များအား ခေတ်မီစက်ကိရိယာများ တပ်ဆင်စစ်ဆေးခြင်း၊ မီးခိုးထွက်နှုန်း တိုင်းတာ သည့်ကိရိယာများနှင့် စစ်ဆေးဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်၊

(၃)  လမ်းအန္တရာယ်ကင်းရှင်းရေး စိစစ်အကဲဖြတ်လုပ်ငန်းစဉ် (Road Safety Audit) အကြိမ်ရေတိုးမြှင့်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကယာဉ်မောင်းသူ အတတ်သင်ကျောင်း လုပ်ငန်းလုပ်ကိုင်သူများအား ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးခြင်း၊ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းစသည့် လုပ်ငန်းများကိုဆောင်ရွက်မည်၊

(၄)   ကုန်းလမ်းပို့ဆောင်ရေးသည် BRT စနစ်ဖြင့် ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးမှ ယာဉ်လိုင်း (၂)လိုင်း ပြေးဆွဲနိုင်ရေးအတွက် အကျိုးတူကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန်နှင့် အငှားယာဉ်ဌာနအား ယာဉ်သစ်များ ဖြည့်ဆည်းပြီး အဆင့် မီသော TAXI ပို့ဆောင်ရေးလုပ်ငန်းအဖြစ် ဆောင်ရွက်မည်။ အင်ဂျင်နီယာဌာန၏ ကြီးကြပ်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ယာဉ်အန္တရာယ် လျော့နည်းပပျောက်စေရေးတို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကောင်းမွန်စွာ သိရှိလာစေရန် ယာဉ်မောင်းသင်တန်း၊ ဆိုင်ကယ်စီးသင်တန်းနှင့် အဆင့်မြင့် (ခရီးသည်/ကုန်တင်) ယာဉ်ကြီးမောင်း သင်တန်းကျောင်းများအား တိုးချဲ့ဖွင့်လှစ်မည်၊

(၅)       CJ Korea Express RT Myanmar Co., Ltd နှင့် ပူးပေါင်း၍ ကုန်တင် ယာဉ်သစ်များ ဖြည့်ဆည်းပြီး ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး Sunchang Global Pte., Ltd နှင့် အကျိုးတူ ပူးပေါင်း၍ စက်ယန္တရား ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်၍ JV/BOT လုပ်ငန်းများမှ ယာဉ်သစ်များ ရရှိရေးနှင့် ဝင်ငွေရရှိရေး ဆောင်ရွက်မည်၊

(၆)       ထို့အပြင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပချေးငွေ အကူအညီရယူပြီး ပို့ဆောင်ရေးလုပ်ငန်းများနှင့် ပို့ဆောင်ရေးနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအား ပတ်ဝန်းကျင်နိုင်ငံများနှင့် ချိတ်ဆက် ပို့ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်။

 

(ဃ)    ရထားပို့ဆောင်ရေးကဏ္ဍ

(၁)  မြန်မာ့မီးရထားအနေဖြင့် အိန္ဒိယချေးငွေဖြင့် ဒီဇယ်စက်ခေါင်းများ၊ စက်ပစ္စည်းများနှင့် သံလမ်းပြုပြင်ထိန်းသိမ်းရေး စက်ယန္တရားများဝယ်ယူခြင်း၊ ကိုရီးယားချေးငွေ (EDCF Loan)ဖြင့် ပထမအကြိမ် လူစီးတွဲ (၁၀၀)တွဲ ဝယ်ယူခြင်းနှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (ဂျိုးထောင်-မဲဇာ နှင့် မော်ဟန်-ကာဒူ လမ်းပိုင်း)၊ ဂျပန် ODA Loan ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်း စီမံကိန်း(အဆင့်-၁၊ ရန်ကုန် - တောင်ငူ)၊ (အဆင့် - ၂၊ တောင်ငူ - မန္တလေး)နှင့် ရန်ကုန် မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊ ဂျပန် Grant ဖြင့် ရန်ကုန်-ပြွန်တန်ဆာ လမ်းပိုင်း Operation Control Center (OCC)နှင့် Safety equipment များ တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျန်ရှိသည့် လုပ်ငန်းများဖြစ်သည့် နေပြည်တော်ဘူတာတည်ဆောက်ရေးစီမံကိန်း၊ ပျော်ဘွယ်- နတ်မောက်-မကွေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ ရွာသာကြီးဘူတာတည်ဆောက်ရေးစီမံကိန်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၂၊ ဘူတာများ အဆင့် မြှင့်တင်ခြင်း)လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်၊

(၂)      ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် ရန်ကုန်မြို့ပြလူထုပို့ဆောင်ရေးစီမံကိန်း (Yangon Urban Mass Rapid Transport - YUMRT)၊ အိန္ဒိယချေးငွေဖြင့် သံလမ်းပြေးယာဉ် (၁၅)စီး ဝယ်ယူခြင်းနှင့် ရထားလမ်းများအဆင့်မြှင့်တင်နိုင်ရန်အတွက် ရထားသံလမ်းများ ဝယ်ယူခြင်း၊ Asia Development Bank – ADB ချေးငွေဖြင့် ရန်ကုန် - ပြည် ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများနှင့် Grant ၊ Technical Assistance ဖြင့် မြန်မာနိုင်ငံရှိ စက်ခေါင်းတွဲများအား စီမံခန့်ခွဲမှုနှင့် ပြုပြင်ထိန်းသိမ်းမှု တိုးတက်ရေးစီမံကိန်း၊ တန်(၁၀၀)ကရိန်း (၁၀)စီး ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသည်။ ရန်ကုန်ဘူတာကြီးနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကြည့်မြင်တိုင် ဘူတာနယ်မြေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ပုစွန်တောင်ဘူတာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြစ်ကြီးနားနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရထားလုပ်ငန်းသုံး ကွန်ကရစ်ပစ္စည်းများ ထုတ်လုပ်ရေးစီမံကိန်းနှင့် အလံပြဘုရားလမ်းရှိ မြန်မာ့ မီးရထားပိုင်မြေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် Public Private Partnership–PPP အစီအစဉ်ဖြင့် ဆောင်ရွက်ရန် လျာထားပါသည်။

 

( င )     ဘက်စုံပို့ဆောင်ရေးနှင့်စီမံကိန်းကဏ္ဍ

(၁)       ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအနေဖြင့် ဘက်စုံသယ်ယူပို့ဆောင်ရေးဥပဒေကို ဝန်ကြီးဌာနဖွဲ့စည်းပုံနှင့် လျော်ညီစွာ ပြင်ဆင်လျက်ရှိပြီး၊ ဥပ‌ဒေပြင်ဆင်ပြီးပါက ဘက်စုံပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက် များကိုလည်းကောင်း၊ ဒေသဆိုင်ရာ သဘောတူစာချုပ်ပါ ကတိပြုချက်များကို လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပတွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ စည်းကမ်းကျနစွာ တိုးတက်ဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊  

(၂)       National Transport Master Plan နှင့်  National Logistics Master Plan ပါ Action Plan များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်း၊ နှစ်ရှည်၊ နှစ်လတ်၊ နှစ်တိုနှင့် နှစ်စဉ်ဆောင်ရွက်မည့် ပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊  ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် PPP Unit နှင့်  PPP Center တို့၏   လုပ်ငန်းစဉ် များအား ဆောင်ရွက်ရာတွင် ပံ့ပိုးပေးခြင်းများ ဆောင်ရွက်သွားမည်။

 

( စ )     လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ

(၁)       မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သည် ၂၀၁၈ ခုနှစ်တွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု (HRD) သင်တန်းများဖြစ်သည့် အချိန်ပိုင်းသင်တန်း ဘွဲ့လွန်ဒီပလိုမာ အချိန်ပြည့်/အချိန်ပိုင်းသင်တန်းများနှင့် ဘွဲ့လွန်သင်တန်း များအား စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး ဘာသာရပ်များအလိုက် သုတေသနလုပ်ငန်းများကို တက္ကသိုလ်အစီအစဉ်ဖြင့်လည်းကောင်း၊ ပြည်ပ နိုင်ငံများမှ တက္ကသိုလ်များနှင့် ပူးပေါင်း၍လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းသား/ကျောင်းသူများ လက်ခံသင်ကြားမှု အခြေအနေမှာ အစီရင်ခံသည့်ကာလအထိ ဘွဲ့ကြို၊ မဟာဘွဲ့လွန်နှင့် ဘွဲ့လွန် ဒီပလိုမာ သင်တန်းများအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘာသာရပ်အလိုက် စာတွေ့လက်တွေ့များကို သင်ကြားပို့ချနိုင်မည့် ကမ္ဘာ့အဆင့်မီ ရေကြောင်း ပညာတက္ကသိုလ် (၁)ခုအဖြစ် ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာအဆင့်မီ မြှင့်တင်ဆောင်ရွက်လျက် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပစ္စည်းများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ဆောင်ရွက်မည်၊

(၂)       မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အနေဖြင့် နှစ်စဉ် ပုံမှန် ဖွင့်လှစ်မြဲ ဖြစ်သော ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းများ၊ အခြေခံပညာ အထက်တန်း အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ အတွက် ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာ ကုန်သွယ်ရေယာဉ် များတွင် တာဝန်ထမ်းဆောင်မည့်သူများအတွက် ကျွမ်းကျင်မှု တတ်မြောက်မှု ဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ အရည်အချင်း ပြည့်ဝသော ရေယာဉ် ဝန်ထမ်းကောင်းများ၊ ရေကြောင်းမျိုးဆက်သစ်များ စဉ်ဆက်မပြတ် လေ့ကျင့် မွေးထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်မည်၊

(၃)        ဗဟိုပို့ဆောင်ဆက်သွယ်‌ရေးကျောင်းအနေဖြင့်   ကျောင်းကို   ဥပဓိရုပ် ကောင်းမွန် စေရေး၊ သန့်ရှင်းသာယာလှပ‌စေရေးဆောင်ရွက်ရန်၊ ခေတ်နှင့်အညီ သင်ရိုး ညွှန်းတမ်းများ အဆင့်မီစေရေးစီမံဆောင်ရွက်ရန်၊ လေ့ကျင့်ရေးကွင်းများကို အဆင့်မြှင့်တင်တည်ဆောက်ရန်နှင့် အရည်သွေးပြည့်မီသော သင်ထောက်ကူ ပစ္စည်းများ စုဆောင်းဖြည့်တင်းရန်၊ နည်းပြများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများကို နည်းပညာနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေး တိုးတက်မြင့်မားစေရေး စိတ်ဓါတ်၊ စည်းကမ်း၊ ခံယူချက် မှန်ကန်စေရေးအတွက် ဦးတည်ရည်မှန်း လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ ပြည်တွင်းသင်တန်းများ တက်ရောက်စေခြင်းနှင့် သင်ကြားပြသမှု အရည်အသွေး တိုးတက်စေရေးအတွက် Training of Trainer သင်တန်းများတွင် ပါဝင်တက်ရောက်စေရန်၊ စာတွေ့သာမက လက်တွေ့နယ်ပယ်၌ပါ နှံ့စပ်ကျွမ်းကျင်မှု ရှိစေရေး လုပ်ငန်းခွင်နှင့် ဆက်စပ်သောစက်ရုံ၊ အလုပ်ရုံများ၊ သင်တန်းများသို့ သွားရောက်လေ့လာသင်ယူစေရန်၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို အခြေခံ၊ အဆင့်မြင့်နှင့် ဉာဏ်သစ်လောင်းဟူ၍ အဆင့်ဆင့် ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးရန်၊ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အထောက်အကူပြုနိုင်ရေးအတွက် နောက်တွဲပါ (၂၂)ဘီးယာဉ်များ မောင်းနှင်နိုင်မည့် ကျွမ်းကျင်ယာဉ်မောင်းများ မွေးထုတ်ပေးရန်၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ယာဉ်မောင်း၊ ယာဉ်ပြင်၊ ဂဟေ၊ လျှပ်စစ်အခြေခံသင်တန်းများ Public သို့ ဖွင့်လှစ်ပေးနိုင်ရေး စည်းရုံးဆောင်ရွက်ရန်၊ ဝန်ကြီးဌာန (၃)ခုအား ပေါင်းစုလိုက်သည့်အတွက် တိုးတက်လာသော ဌာနများ၏ လိုအပ်ချက်များနှင့်အညီ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ တိုးမြှင့်ဖွင့်လှစ် သင်ကြားပေးနိုင်ရန်၊ အရည်အချင်းမြင့်မားသော ဘွဲ့ရ၊ မဟာဘွဲ့ရဝန်ထမ်းများ ရွေးချယ်ခန့်အပ် တာဝန်ပေးအပ်ခြင်းတို့ဖြင့် ကျောင်း၏ Capacity ကို မြှင့်တင် တည်ဆောက်ရန်၊ ကျောင်းနေပျော်စေရေးအတွက် ဝန်ထမ်းများနှင့် သင်တန်းသား များ၏ သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ပေးရန်၊ သင်တန်းများတွင် ကွန်ပျူတာဘာသာရပ် သင်ကြားသည့်အပြင် Internet, e-mail, Networking တို့ကိုပါ ထည့်သွင်း သင်ကြားပေးပြီး e-Government စနစ်အောင်မြင်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ကျောင်းကို အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကျောင်းများ၊ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်။

 

(ဆ)     ဆက်သွယ်ရေးကဏ္ဍ

(၁)       ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် လှိုင်းနှုန်းနှောင့်ယှက်မှုများ မဖြစ်ပေါ် စေရေးအတွက် လှိုင်းနှုန်းစဉ် တိုင်းတာစစ်ဆေးခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောတိုင်းတာရေးပစ္စည်းများ ဝယ်ယူခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိသူများအနေဖြင့် လိုင်စင်ပါသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် QoS နှင့် Service Coverage ဆိုင်ရာ Drive Test များပြုလုပ်ခြင်း၊ အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် Pilot Project များဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်  ဖွဲ့စည်း နိုင်ရေးအတွက် ဥပဒေကြမ်းရေးဆွဲခြင်း၊ လှိုင်းနှုန်းအသုံးပြုခများ၊ လိုင်စင်ဆိုင်ရာ အခကြေးငွေများ အပြည့်အဝရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လိုအပ်သော အကြံပေးများခေါ်ယူခြင်း Capacity Building ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်မည်၊

(၂)       သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေဖြင့် e-Government လုပ်ငန်းများ အကျိုးရှိရှိ ထိရောက်အောင်မြင်စေရန် အရေးပါသော လူ့စွမ်းအား အရင်းအမြစ်များအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် စီမံခန့်ခွဲမှုနှင့် ICT နည်းပညာများကို သင်ကြားပို့ချပေးခြင်း၊ အမျိုးသားစီးပွားရေး မူဝါဒနှင့်အညီ မြန်မာနိုင်ငံ၌ Digital Government Strategy အား ချမှတ်၍ e-Government စနစ်များအား ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ ပင်မ စီမံကိန်းများရေးဆွဲခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ပို့ချခြင်းနှင့် Data ID Card System ၊ Digital Government Strategy၊ e-Government စနစ်အား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်မည်၊

(၃)       National Cyber Security Center သုတေသနပြုလုပ်ခြင်း၊ လိုအပ်သည့် ဥပဒေများ ရေးဆွဲခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ Incident Handling System တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ Information Security and Digital Analysis Lab တည်ဆောက်ခြင်း၊ Information Security Management System တပ်ဆင်ခြင်း၊ Network Security and Analyzer တပ်ဆင်ခြင်း၊ မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး အစိုးရဌာနများအားလုံးမှ အသုံးပြုနိုင်ရန် ရည်ရွယ်၍ Myanmar e-Governance Master Plan ရေးဆွဲခြင်း၊ e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်း၊ Myanmar National Portal တည်ဆောက်ခြင်း၊ Data Center ဝန်ဆောင်မှုပေးခြင်း၊ Information Access Center (IAC) ဝန်ဆောင်မှုပေးခြင်း၊ Government Video Conferencing System ဝန်ဆောင်မှုပေးခြင်း၊ Government Personnel Management System (GPMS) ဝန်ဆောင်မှုပေးခြင်း၊ Civil Service ID System (CSID) ဝန်ဆောင်မှုပေးခြင်း၊ Electronic Document Management System (EDMS) ဝန်ဆောင်မှုပေးခြင်း၊ Government e-Mail service ဝန်ဆောင်မှုပေးခြင်း၊ Server Colocation Service ဝန်ဆောင်မှုပေးခြင်း၊ Web Hosting Service ဝန်ဆောင်မှုပေးခြင်းစသည့်လုပ်ငန်းများနှင့် e-Commerce လုပ်ငန်းများ၊ International Relation လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ မိုလ်ဘိုင်းဆက်သွယ်ရေး၊ ရုပ်မြင်သံကြား ထုတ်လွှင့်ရေး၊ နယ်စပ်လုံခြုံရေး၊ e-Government ၊ e-Health ၊ e-Education ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် တုန့်ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးကဏ္ဍများတွင် မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ်အား အသုံးပြု၍ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးရန် လုပ်ငန်းစဉ်များ ဆောင်ရွက်မည်၊

(၄)       မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အော်တိုတယ်လီဖုန်းများ အရည်အသွေး ကောင်းမွန်စေရေးအတွက် လက်ရှိ ဒစ်ဂျစ်တယ်အိတ်ချိန်းများကို ခေတ်မီ MSAN အိတ်ချိန်းများဖြင့် အစားထိုးလဲလှယ်ဆောင်ရွက်သွားရန်၊ မိုဘိုင်းစခန်းများကို ကျေးလက်ဒေသများသို့ပါ ကွန်ရက်ဖြန့်ကျက်နိုင်ရေးအပြင် သုံးစွဲသူအရေအတွက် ပိုမို သုံးစွဲနိုင်ရေးအတွက်ပါ တိုးချဲ့တည်ဆောက်သွားရန်၊ အရန်ပင်မဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းများ တိုးချဲ့တည်ဆောက်သွားရန်၊ ဆက်သွယ်ရေးကွန်ရက်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် LTE စနစ်များ တိုးချဲ့တည်ဆောက်သွားရန်၊ ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့အပြင် အခြားမြို့ကြီးများ တွင်လည်း ဆက်လက် ဆောင်ရွက်သွားရန်၊ ဖိုင်ဘာသွယ်တန်း၍ အင်တာနက် ဝန်ဆောင်မှုပေးသည့် FTTH ဝန်ဆောင်မှုကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် တိုးချဲ့ဆောင်ရွက်သွားရန်၊ နှစ်စဉ် တယ်လီဖုန်းသုံးစွဲသူ တိုးတက်လာစေရန်အတွက် ဆွဲဆောင်မှုရှိသော အစီအစဉ်များ၊ နှုန်းထားအသစ်၊ ပိုမိုကောင်းမွန်သော ထပ်ဆောင်း ဝန်ဆောင်မှုများဖြင့် ပြုလုပ်ဆောင်ရွက်သွားရန်၊ မိုဘိုင်း Money ဝန်ဆောင်မှုကို ဆောင်ရွက်သွားရန်၊ လက်ရှိသုံးစွဲသူများ ဆက်လက် တည်တံ့စေရေးနှင့် လျော့နည်း မသွားစေရေးအတွက် ဆောင်ရွက်မည်၊

(၅)       မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် မြန်မာ့စာတိုက်လုပ်ငန်းအား သုံးစွဲသူ ပြည်သူ များအား သင့်တင့်မျှတသည့် စျေးနှုန်းဖြင့် ခေတ်မီ IT နည်းစနစ်များ အသုံးပြု၍ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရည်အသွေးကို အခြေပြုသော စာတိုက်ဝန်ဆောင်မှုများဖြစ်စေရေး ဝန်ထမ်းများအား ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊ စိတ်ဓာတ်များ ပြုပြင်လေ့ကျင့်ပေးရန်၊ ပြည်တွင်း/ပြည်ပငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးရန်၊ Online Shopping လုပ်ငန်းများအတွက် ပေးဝေခြင်းနှင့် ငွေကောက်ခံခြင်းလုပ်ငန်းများ အတွက် Laptop, Delivery Monitoring System နှင့် Label Printer များ တပ်ဆင်ဆောင်ရွက်မည်။

 

ဝန်ကြီးဌာနဆောင်ပုဒ်
 “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်”

“TRANSPORT AND COMMUNICATIONS FOR NATIONAL INTEREST”

၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလ အတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ
         ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလတွင် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(၁)     လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်း တက် နိုင်ရန် နှင့် လေယာဉ်များ လုံခြုံစိတ်ချစွာ ရပ်နားနိုင်ရန်အတွက် ပြည်တွင်း လေဆိပ်များ ဖွံ့ဖြိုးရေး လုပ်ငန်းနှင့် လေဆိပ်သစ် တည်​ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

 

( ခ)     ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(၁)  မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများ အပါအဝင် မြစ်ချောင်းများ၏ ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခြင်း။

 

( ဂ)    မြန်မာ့မီးရထား     

(၁)  ရထား သွားလာမှု ပုံမှန်တိုးမြှင့်လာမည့် ခရီးသည်၊ ကုန်စည် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရထားစက်ခေါင်းများ၊ လူစီးတွဲများဝယ်ယူခြင်း ၊

(၂)     ဒီဇယ်စက်ခေါင်းများ၊ စက်ပစ္စည်းများ နှင့် သံလမ်း ပြုပြင် ထိန်းသိမ်းရေး စက်ယန္တရားများ ဝယ်ယူခြင်း။

 

(ဃ)    ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

(၁)   ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းစဉ်များ ဆောင်ရွက် သွားရန်နှင့် လိုအပ်သော လုပ်ငန်းများ ဆောင်ရွက် ခြင်း။

 

( င)    သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန   

(၁)     မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော e-Government လုပ်ငန်းစဉ်များ အကျိုးရှိရှိ ထိရောက် အောင်မြင်စေရန် e-Government Integrated Data Center (e-GIDC) နှင့်ဆက်စပ်သော လုပ်ငန်းများ ဆောင်ရွက်ခြင်း။

( စ)    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

(၁)    ဖိုင်ဘာ ဆက်ကြောင်းနှင့်  မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများ တိုးချဲ့ တပ်ဆင်ခြင်း စီမံကိန်း၊ ဆက်သွယ်ရေး ကွန်ရက်များ အဆင့်မြှင့်တင်မှု စီမံကိန်းများတွင် ပါဝင်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း။     

(ဆ)   မြန်မာ့စာတိုက်လုပ်ငန်း

(၁)     သမိုင်းဝင် တံဆိပ်ခေါင်းများ ရေရှည် တည်တံ့ နိုင်စေရေးအတွက် စနစ်တကျ ထားရှိရန်   တံဆိပ်ခေါင်း ဂိုဒေါင်တွင်  လိုအပ်သည့် ပစ္စည်းများ   တပ်ဆင် ဆောင်ရွက်ခြင်း။

( ဇ)    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

(၁)     ရန်ကုန်မြစ်အတွင်း နိုင်ငံခြား ပင်လယ်ကူး သင်္ဘောကြီးများ ဝင်/ထွက်ရာတွင် လိုအပ်သော ရေအနက် ရရှိရေးအတွက် အပြင်စည်းခုံ ရေလမ်းကြောင်း နှင့် အတွင်းစည်းခုံ ရေလမ်းကြောင်းအား သောင်တူး လုပ်ငန်း ဆောင်ရွက်ခြင်း၊