ကမ္ဘာ့စာပို့တိုက် နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၁၆ခုနှစ် အောက်တိုဘာ (၉) ရက်နေ့တွင် ကျရောက်သော ၁၄၂ နှစ်မြောက် ကမ္ဘာ့စာပို့တိုက် နေ့အထိမ်းအမှတ် အခမ်းအနား နှင့် (၄၅) ကြိမ်မြောက် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) တွင် ထူးချွန်ဆု ရရှိသော ကျောင်းသားနှင့် တိုင်းဒေသကြီး / ပြည်နယ်အလိုက် စွမ်းဆောင်ရည် အကောင်းဆုံး ရုံးဆုရရှိသော စာတိုက်ရုံးများ ကို ဆုချီးမြှင့်ခြင်း နှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင် မှ အဖွင့်အမှာစကားပြောကြားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှ နှုတ်ခွန်းဆက် စကားပြောကြားပါသည်။ ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ် ထံမှ ပေးပို့လာသော ၂၀၁၆ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ သဝဏ်လွှာ ကို ဖတ်ကြားသည်။
ယင်းနောက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများက (၄၅) ကြိမ်မြောက် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) တွင် ဆုရရှိသည့် အ-ထ-က(၂)၊ စစ်တွေမှ မောင်ကောင်းထက်စိုးကို ဆုပေးအပ်ခဲ့ ပြီး တိုင်းဒေသကြီး / ပြည်နယ်အလိုက် စွမ်းဆောင်ရည် အကောင်းဆုံးရုံးဆု ရရှိသော စာတိုက်ရုံးများကိုလည်း ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။ အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား ၊ စွမ်းဆောင်ရည် အကောင်းဆုံးရုံးဆု ရသော စာတိုက်ရုံးတာဝန်ခံများ နှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး (၁၄၂) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ နှင့် ပြကွက်များကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိပါသည်။