MPT၏ CSR E-Learning အစီအစဉ်ကို တက်ရောက်ရန် သင်တန်းသား (၉၇၉) ဦးကို ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်) – MPT ၏ CSR E-Learning အစီအစဥ်ကို တက်ရောက်ရန်လျှောက်ထားသူ (၁၀၁၄) ယောက်အနက်မှ အရည်အချင်းပြည့်မီသူ (၉၇၉) ဦး ကို ရွေးချယ်လိုက်ကြောင်း MPT က ထုတ်ပြန် ကြေညာလိုက်ပါသည်။ ရွေးချယ်ခံရသူများထဲတွင် အိုင်တီနည်းပညာသင်တန်းတက်ရောက်ရန် (၄၆၅) ယောက်၊ အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်ရန် (၁၁၉) ယောက် နှင့် ဂျပန်သင်ဘာသာစကားတက်ရောက်ရန် (၃၉၅) ယောက်တို့ အသီးသီးရွေးချယ်ခံခဲ့ရပြီး ၎င်းတို့ တက်ရောက်ခွင့်ရရှိသည့် ပညာရပ်များကို စတင် လေ့လာနိုင်တော့မည် ဖြစ်သည်။
MPT အနေဖြင့် သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများအား သင်တန်းတက်ရောက်ရမည့် နေ့ရက်နှင့် အွန်လိုင်း ပလက်ဖောင်း (LMS-Learning Management System) တွင် သင်ယူရန်နည်းလမ်းများ တို့ကို အီးမေးလ် နှင့် (SMS) စာတိုများဖြင့် ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။
“ပထမဆုံးအနေနဲ့ ရွေးချယ်ခံရတဲ့ သင်တန်းသားအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်တန်းသားတွေကို ရွေးချယ်တဲ့အခါမှာ သူတို့ရဲ့ သင်ယူလိုစိတ်နဲ့ အရည်အချင်း မြှင့်တင်လိုစိတ်တွေပေါ်မှာ မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အွန်လိုင်းသင်ကြားရေး အစီအစဥ်မှတစ်ဆင့် သူတို့ရဲ့ အနာဂတ်လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အရည်အသွေးတွေကို ဖြည့်ဆည်း ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီတစ်ခေါက်တက်ရောက်ဖို့ ရွေးချယ်မခံရသူတွေအနေနဲ့လည်း စိတ်ဓာတ်မကျဖို့နဲ့ ထပ်မံဖွင့်လှစ်သွားမယ့် သင်တန်းတွေမှာ ထပ်မံလျှောက်ထား တက်ရောက်နိုင်ဖို့ တိုက်တွန်းလိုပါတယ်”လို့ MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ အရာရှိချုပ် Mr. Naoki Shimane က ပြောကြားခဲ့ပါသည်။
စစ်မှန်သောပြည်တွင်းအော်ပရေတာဖြစ်သည့် MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေပြီး ကျွမ်းကျင်မှုအရည်အသွေးများတိုးတက်စေရန် တည်ဆောက်ခြင်းသည် နိုင်ငံတော်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းအတွက် ပိုမိုအထောက်အပံ့ပြုနိုင်မည့် နည်းလမ်းကောင်းများကို စဥ်ဆက်မပြတ် ရှာဖွေလျက်ရှိပါသည်။
ရွေးချယ်ခံရသော သင်တန်းသားများအနေဖြင့် သင်တန်းများပြီးဆုံးသည်အထိ တက်ရောက်ကြပါရန် တိုက်တွန်း လိုပြီး ၎င်းတို့၏ သင်ယူရေးခရီးစဥ် အစစအရာရာချောမွေ့မှုရှိစေရန်လည်း ဆုတောင်းပေးပါသည်။ CSR E-Learning အစီအစဥ် https://csrelearning.mpt.com.mm နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို MPT တရားဝင်ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာတွင် ဖော်ပြပေးထားပြီးဖြစ်ကာ ဆက်လက်ပြီး အသစ်အသစ်သော အချက်အလက် များကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သောကြောင့် စောင့်ကြည့် ပေးပါရန် တိုက်တွန်းလိုပါသည်။
MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။