မကွေး တိုင်းဒေသကြီး နှင့် ပဲခူး တိုင်းဒေသကြီး (အနောက်) ဆက်သွယ်ရေး စခန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်                          ၂၀၁၄ ခုနှစ်၊ ဧပြီလ (၈) ရက်

ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ၀န်ကြီးဌာနအနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေ ပြည်သူများအား မိုဘိုင်းတယ်လီဖုန်းများ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ဆက်သွယ်ရေးစခန်း များအား ကြည့်ရှုစစ်ဆေးရန် ဧပြီလ(၄)ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့ GSM စခန်းနှင့် အော်တိုအိတ်ချိန်းသို့ ရောက်ရှိစစ်ဆေးပါသည်။

တာဝန်ခံ တိုင်းဒေသကြီးမန်နေဂျာမှ အော်တိုအိတ်ချိန်းအတွင်း တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ၀န်ထမ်းများ၏ လုပ်ဆောင်ချက်များအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ စက်များကြံ့ခိုင်ကောင်းမွန်စေရေး၊ ဆက်သွယ်မှုများ မပြတ်တောက် စေရေး မှာကြားခဲ့ပါသည်။ ၄င်းမှတဆင့် ကံပြား နည်းပညာတက္ကသိုလ် အနီးရှိ GSM စခန်းသို့ ရောက်ရှိ စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများ၏ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပါသည်။

ဧပြီလ (၅)ရက်နေ့တွင် မကွေးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးမန်နေဂျာ ရုံးသို့ ရောက်ရှိပြီး ဆောက်လုပ်ဆဲ GSM/UMTS စခန်းအား ကြည့်ရှုစစ်ဆေးပြီးနောက် မကွေးမြို့၊ စာတိုက်စခန်းသို့ ရောက်ရှိပြီး၊ စာတိုက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူလူထုနှင့် ဆက်ဆံပြောဆို ရာတွင် လျင်မြန်လွယ်ကူအောင် စေတနာအပြည့်အဝဖြင့် လုပ်ငန်းများအား အဆင့်လိုက် ဖြေလျော့ကာ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ မင်းဘူးမြို့နယ်၊ ဆင်ခေါင်းကျေးရွာ GSM စခန်း၊ စလင်းမြို့နယ်၊ ကံပြားကျေးရွာ GSM စခန်းများအား ကြည့်ရှုစစ်ဆေးပြီး၊ ပြည်ထောင်စုဝန်ကြီးမှ စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် အရန်စက်ပစ္စည်းများ တပ်ဆင်ထားရှိရေး၊ လျှပ်စစ်စွမ်းအင် အစားထိုး နေရောင်ခြည်သုံး ဆိုလာစွမ်းအင်များဖြင့် တွဲဖက်အသုံးပြုသည့် Battery များ အစဉ်ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

၄င်းနောက် မကွေးတိုင်း၊ စေတုတ္တရာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိ ပြီး၊ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိန်လှိုင်တို့မှ ဆက်သွယ်ရေးကဏ္ဍ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဆက်သွယ်မှုများ ပိုမိုကောင်းမွန် စေရေးအတွက် အဝေးလိုင်းဆက်သွယ်မှုများ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ဆက်လက်၍ စေတုတ္တရာမြို့ တယ်လီဖုန်း အိတ်ချိန်းရုံးနှင့် GSM စခန်းသို့ ရောက်ရှိပြီး၊ MPT Satellite တပ်ဆင်ထားရှိမှု၊ အဝေး ဆက်ကြောင်းများ အမြဲကောင်းမွန်စေရေး မှာကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့ တယ်လီဖုန်းအိတ်ချိန်းရုံးသို့ ရောက်ရှိပြီး၊ ငဖဲ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဌေး၊ ငဖဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှပြုံးတို့မှ ဆက်သွယ်ရေးကဏ္ဍ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အဝေးလိုင်း ဆက်သွယ်မှုများ ကောင်းမွန်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။  

ဧပြီလ (၆) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်မြို့၊ တိုင်းဒေသကြီး မန်နေဂျာရုံးသို့ ရောက်ရှိပြီး ၀န်ထမ်းများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြည်သူအတွက် ၀န်ဆောင်မှု အကောင်းဆုံးဌာန ဖြစ်အောင် ၀န်ထမ်းများမှ ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပေါင်းတည်မြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်၊ ကြေးနန်းတယ်လီဖုန်းရုံးမှ ၀န်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားပါသည်။ ၄င်းနောက် ဇီးကုန်းမြို့ ဆက်သွယ်ရေးစခန်းသို့ ၀င်ရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း ကျေးရွာရှိ GSM မိုဘိုင်းစခန်း၊ မင်းလှမြို့နယ်ရှိ စိန်ကန့်လန့် GSM မိုဘိုင်းစခန်း များအား ကြည့်ရှုစစ်ဆေးပြီး၊ မိုဘိုင်းဆက်သွယ်မှု ကဏ္ဍတွင် Fiber Transmission သည် အရေးကြီး ကဏ္ဍတွင် ပါ၀င်သည့်အတွက် အရန်ဆက်ကြောင်းများ ထားရှိရေး၊ စက်များကြံ့ခိုင်ကောင်းမွန်စေရေး အတွက် မှာကြားခဲ့ပါသည်။

ဆက်လက်၍ သာယာဝတီမြို့၊ အဝေးဆက်မိုက္ကရိုဝေ့ဗ်စခန်းနှင့် အော်တိုအိတ်ချန်း၊ GSM , CDMA မိုဘိုင်းစခန်း၊ စာတိုက် စခန်းများမှ ၀န်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးမှ မိမိတို့တာဝန်ယူရသည့် ကဏ္ဍအလိုက် စေတနာထား၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်မှုစနစ်အား ပြည်သူမှ ရရှိသုံးစွဲနိုင်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။