THE ASEAN-CANADA FREE TRADE AGREEMENT(ACAFTA) WORKING GROUP ON ELECTRONIC COMMERCE (WGEC) ၏ ပထမအကြိမ် အစည်းအဝေးများသို့ တက်ရောက်ဆွေးနွေး

          အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (ACAFTA) အား အာဆီယံနှင့်ကနေဒါနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ချုပ်ဆိုသွားမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၌ ပြုလုပ်ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ACAFTA ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုကို စတင်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းစေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်အတွက် Working Group on Electronic Commerce (WGEC) အပါအဝင် လုပ်ငန်းအဖွဲ့ (၁၆) ဖွဲ့ကို ဖွဲ့စည်း၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ 
        အဆိုပါ WGEC လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးများကို ၂၀၂၂ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့နှင့်  (၂၅)ရက်နေ့များ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်နွယ်နီစိုးရင် ကတက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။ 
        ထိုအစည်းအဝေးများတွင် (၁၅) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၌ အတည်ပြုပြဋ္ဌာန်းခဲ့သော သတ်မှတ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ (Terms of Reference (ToR)) နှင့် စေ့စပ်ညှိနှိုင်းရေးလမ်းညွှန်ချက်များ (Negotiating Guidelines) တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဥ်မူကြမ်း (Draft Work Programme) အား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ညှိနှိုင်းခဲ့ကြပါသည်။