Online Security Awareness သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Online Security Awareness သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန၊ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၃၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန၊ ညွှန်ကြားရေးမှူးက နည်းပညာ လျင်မြန်စွာတိုးတက်လာနေသည့် ခေတ်ကာလဖြစ်သည့်အလျောက် အွန်လိုင်းလုံခြုံရေးသည် မဖြစ်မနေ သိထားသင့်သည့် အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ အင်တာနက်မှတဆင့် ကျူးလွန်ကြလေ့ရှိသော ဆိုက်ဘာရာဇဝတ်မှုများ၊ လုံခြုံရေးအဆင့်အတန်း မြှင့်ထားရမည့် ‌ဒေတာချိုးဖောက် ခိုးယူခံရမှုများ မြင့်တက်လာသည်နှင့် အမျှ အင်တာနက်အသုံးပြုသူတိုင်းအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် သတင်းအချက်အလက်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များကို မည့်သို့ကာကွယ်ထိန်းသိမ်းရမည်ဆိုသည်ကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် Online Security Awareness သင်တန်းသည် ASEAN-Japan Cybersecurity Capacity Building Center (AJCCBC) အဖွဲ့အစည်းနှင့် UK အစိုးရတို့ ပူးပေါင်းဖွင့်လှစ်သည့် Online Safety Training Programmes for Trainers သင်တန်းမှ ပို့ချခဲ့သည်များကို ဆင့်ပွားသင်တန်းအနေဖြင့် ပြန်လည်မျှဝေ သင်ကြားခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန်၊ လက်တွေ့ပြန်လည် အသုံးချနိုင်စေရန် နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပုံမှန်လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းများ သိရှိနားလည်၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားပြောကြားခဲ့ပါသည်။

   Online Security Awareness သင်တန်းသည် ရက်သတ္တပတ် (၁)ပတ်ကြာ သင်တန်းဖြစ်ပြီး သင်တန်းကာလမှာ (၂၀.၂.၂၀၂၃) ရက်နေ့မှ (၂၄.၂.၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။