Online Security Awareness နှင့် Front-end Web Development with JavaScript သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Online Security Awareness သင်တန်းနှင့် (ပထမအကြိမ်) Front-end Web Development with JavaScript သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရ အဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား ( ၅၅ )ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

   ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းကျောင်းအနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၏ အိုင်စီတီနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်မှု၊ အသိပညာများ တိုးမြှင့်လာစေရန် သင်တန်းများ အဆက်မပြတ်ဖွင့်လှစ်ပို့ချ လေ့ကျင့်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးမြှင့်လာမည်ဟု မျှော်လင့်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာခေတ်အတွင်း အင်တာနက်အသုံးပြုသူတိုင်း ကြုံတွေ့ရလေ့ရှိသည့် သတင်းအချက်အလက်များခိုးယူမှုတွင် အသုံးပြုလေ့ရှိသည့် Social Engineering အကြောင်းကို သိရှိနားလည်၍ ဖြေရှင်းဆောင်ရွက်နည်းများကို သင်တန်းမှတဆင့် လက်တွေ့ပြန်လည် အသုံးချစေလိုကြောင်း၊ သင်ကြားပေးလိုက်သော ဘာသာရပ်များသည် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်  စီမံရေးဆွဲထားခြင်း ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် ဌာနအဖွဲ့အစည်းများတွင် လက်တွေ့ပြန်လည် အသုံးချခြင်းနှင့် သင်တန်းမှရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတများကို မိမိဌာနတွင် ထပ်ဆင့်ပြန်လည် မျှဝေခြင်းများ ပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

   ယင်းနောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာ ဆောင်မြင်ခဲ့သူများအား ထူးချွန်ဆုများ ချီးမြှင့်ခဲ့ပါသည်။ Online Security Awareness သင်တန်းတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဦး ဟိန်းသုဟန်အားလည်းကောင်း၊ ဒုတိယဆုရရှိသော စက်မှုဝန်ကြီးဌာနမှ ဒေါက်တာမေမြတ်မွန်ဖြူ အားလည်းကောင်း၊ တတိယဆုရရှိသော ဥပဒေရေးရာဝန်ကြီးဌာနမှ ဒေါ်နွေးသန္တာအောင်အား လည်းကောင်း ညွှန်ကြားရေးမှူးချုပ်မှ ဆုများ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး Front-end Web Development with JavaScript သင်တန်းတွင် ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ဦးနေလင်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးအောင်မြတ်သူအားလည်းကောင်း၊ တတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ‌ဒေါ်သန္တာမြင့်အောင်အားလည်းကောင်း သင်တန်းကျောင်း ကျောင်းအုပ်မှ အသီးသီးဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။