Online Security Awareness နှင့် Front-end Web Development with JavaScript သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Online Security Awareness သင်တန်းနှင့် Front-end Web Development with JavaScript သင်တန်းများဖွင့်ပွဲကို ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ် ဦးလှိုင်မျိုးကျော်၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၅၈)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က နည်းပညာ လျင်မြန်စွာတိုးတက်လာနေသည့် ခေတ်ကာလဖြစ်သည့် အလျောက် အွန်လိုင်းလုံခြုံရေးသည် မဖြစ်မနေသိထားသင့်သည့် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ အင်တာနက်မှတဆင့် ကျူးလွန်ကြလေ့ရှိသော ဆိုက်ဘာရာဇဝတ်မှုများ၊ လုံခြုံရေးအဆင့်အတန်း မြှင့်ထားရမည့် ‌ဒေတာချိုးဖောက်ခိုးယူခံရမှုများ မြင့်တက်လာသည်နှင့်အမျှ အင်တာနက် အသုံးပြုသူတိုင်း အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်သတင်းအချက်အလက်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သတင်း အချက်အလက်များကို မည့်သို့ကာကွယ်ထိန်းသိမ်းရမည်ဆိုသည်ကို သိရှိနားလည်စေရန် ရည်ရွယ်၍ ပထမသင်တန်းဖြစ်သော Online Security Awareness သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသည် ASEAN-Japan Cybersecurity Capacity Building Center (AJCCBC) အဖွဲ့အစည်းနှင့် UK အစိုးရတို့ ပူးပေါင်းဖွင့်လှစ်သည့် Online Safety Training Programmes for Trainers သင်တန်းမှ ပို့ချခဲ့သည်များကို ဆင့်ပွားသင်တန်းအနေဖြင့် ပြန်လည်မျှဝေ သင်ကြားခြင်းဖြစ်ကြောင်း သိရပါသည်။

    ဒုတိယသင်တန်းဖြစ်သော Front-end Web Development with JavaScript သင်တန်းသည် ဝန်ကြီးဌာနအသီးသီး၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုပေးနေသော Website နှင့် Web Application များအကောင်အထည်ဖော်ရာတွင် မိမိဌာန၏ လိုအပ်ချက်နှင့်လိုက်လျောညီထွေ ဖြစ်စေမည့် feature များထည့်သွင်းတတ်စေရန်၊ Website ၏ Front-end အဖြစ်အသုံးပြုရုံသာမက Back-end အပိုင်းနှင့် Mobile Application များတည်ဆောက်၍ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

   ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ သင်တန်းနှင့် ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် နှင့် လက်တွေ့ပြန်လည် အသုံးချနိုင်စေရန် လေ့လာဆည်းပူးသွားကြရန် မှာကြားခဲ့ပါသည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပုံမှန်လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းများ မွေးမြူ၍ အမှန်တကယ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Online Security Awareness သင်တန်းသည် ရက်သတ္တပတ် (၁)ပတ်ကြာ သင်တန်းဖြစ်ပြီး Front-end Web Development with JavaScript  သင်တန်းမှာ သင်တန်းကာလမှာ (၆.၂.၂၀၂၃) ရက်နေ့မှ (၂၅.၂.၂၀၂၃) ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။