MyanmarSat-1 Satellite Venture and Lease Agreement လက်မှတ်ရေးထိုးပွဲ အခမ်းအနား ဒုတိယဝန်ကြီး တက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီဌာန နှင့် အမေရိကန်နိုင်ငံ အခြေစိုက်၊ Intelsat Global Sale and Marketing Ltd. တို့၏ ဂြိုလ်တုချန်နယ် ငှားရမ်းသုံးစွဲမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၁၀: ၃၀ နာရီအချိန် တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၂) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးခင်မောင်သက် မှ အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်နိုင်စေရန် Intelsat ၏ ဂြိုလ်တုချန်နယ်များ ကို MyanmarSat-1 အမည်ဖြင့် ငှမ်းရမ်းအသုံးပြု သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်များ သိသာစွာ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပြီး၊ မြို့ပြ နှင့် ကျေးလက်ဒေသများအထိ ကွန်ရက်များ ကျယ်ပြန့်စွာဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် သဘာဝ ဘေးအန္တရာယ်များ အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ များစွာ အထောက်အကူ ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားသွားပါသည်။

          ဆက်လက်၍   Intelsat Global Sale and Marketing Ltd. ၏ Regional Vice President Asia-pacific Mr. Terry Bleakley မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါသည်။ ၎င်းနောက် သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ် နှင့် Intelsat Global Sale and Marketing Ltd.  ၏ Regional Vice President (Asia-pacific) တို့မှ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။   

အခန်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။