MPT ၏ “Fresh Graduate Hiring Program 2023” မှ ရွေးချယ်ခံရသည့် လူငယ်များသည် လုပ်ငန်းခွင် အလုပ်သင်အစီအစဉ် (Internship Program)တွင် အလုပ်သင်ဝန်ထမ်းများ အဖြစ် စတင်တက်ရောက်နေပြီဖြစ်

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “ရှေ့သို့လှမ်းချီမြန်မာပြည်” ဟူသည့် ကတိကဝတ်နဲ့အညီ လူငယ်များ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် စဥ်ဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။  MPT အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက “Fresh Graduate Hiring Program 2023” ကတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ဘွဲ့ရပြီးစ လူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများကောင်းများကို ရရှိနိုင်မည့် အခွင့်အလမ်းများကို ပေးအပ်ခဲ့ပါသည်။ အဆိုပါ အစီအစဥ်တွင် ပါဝင်ရန် ရွေးချယ်ခံရသည့် လူငယ် ၅၄ ဦးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး MPT ၏ (၃) လတာ လုပ်ငန်းခွင် အလုပ်သင်အစီအစဥ် (Internship Program) တွင် စတင်တက်ရောက်နေပြီဖြစ်ပါသည်။

“Fresh Graduate Hiring Program 2023” က အလုပ်သင်ဝန်ထမ်းများသည် ၎င်းတို့၏ ကျွမ်းကျင်မှုကို ပိုမိုအဆင်မြှင့်တင်ပေးနိုင်ရန် စီစဉ်ပို့ချပေးမည့်သင်တန်းများဖြစ်သည့် ဆက်သွယ်ရေး ကဏ္ဍအကြောင်း သိမှတ်ဖွယ်ရာများ၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား၊ လုပ်ငန်းခွင်သုံး Microsoft Application ကျွမ်းကျင်မှု၊ လုပ်ကိုင်နိုင်မှုစွမ်းရည် (presentation နှင့် ဆက်ဆံရေး) နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူလေ့လာရမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က, “Fresh Graduate Hiring Program 2023 မှာ ရွေးချယ်ခံရတဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေအားလုံးကို နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ လူငယ်တွေရဲ့ စိတ်အားထက်သန်မှုနှင့် အတွေးအမြင်သစ်တွေက ကျွန်တော်တို့ အဖွဲ့အစည်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အပံ့တစ်ခု ဖြစ်စေမှာပါ။ဒီလက National Mentoring Month နဲ့လည်း တိုက်ဆိုင်နေတာမို့ အလုပ်သင်ဝန်ထမ်းတွေအနေနဲ့ အခု သင်ကြားရေးခရီးစဥ်မှာ တက်တက်ကြွကြွနဲ့ ပါဝင်လေ့လာရင်း ကိုယ့်မှာရှိပြီးဖြစ်တဲ့ ထူးခြားတဲ့ အရည်အသွေးတွေကိုလည်း အဖွဲ့အစည်းတိုးတက်အောင်မြင်ဖို့အတွက် အသုံးချဖို့နဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ အလုပ်သင်ဝန်ထမ်းတွေကို လက်တွဲခေါ်ယူသွားမယ့် ဝန်ထမ်းတွေ အနေနဲ့ကလည်း ကိုယ့်ရဲ့လက်တွဲခေါ်ယူမှုဟာ အဖွဲ့အစည်းရဲ့ အနာဂတ်ကို ပုံဖော်ရာမှာအရေးပါတာကို သိရှိပြီး စနစ်တကျလုပ်ဆောင်စေချင်ပါတယ်။ အလုပ်သင်ဝန်ထမ်းများအားလုံး ကံကောင်းကြစေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အလုပ်သင်ဝန်ထမ်းများအနေဖြင့် (၃) လတာ လုပ်ငန်းခွင် အလုပ်သင်ကာလအတွင်းတွင် မိမိတို့၏ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၏ အနီးကပ် သင်ကြားပို့ချမှုအပြင် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း သင်တန်းဆရာများထံမှလည်း သင်ယူလေ့လာနိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းခွင် အလုပ်သင်ကာလအပြီးတွင် ရွေးချယ်ခံရသူများအနေဖြင့် အိုင်တီနည်းပညာလုပ်ငန်းများ၊ ဆက်သွယ်ရေးကွန်ရက်စီမံထိန်းသိမ်းမှု နှင့် တည်ဆောက်မှုဆိုင်ရာ နည်းပညာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာလုပ်ငန်းများ၊ Brand and Advertising နှင့် Business Intelligence စသည့် စီးပွားရေးဆိုင်ရာလုပ်ငန်း နယ်ပယ်များစွာတို့တွင် မိမိတို့၏သင်ကြားတက်ရောက်ထားသည့် ဘာသာရပ်များအပေါ်မူတည်၍ ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Fresh Graduate Hiring Program 2023” က အလုပ်သင်ဝန်ထမ်းများ သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် သင်ယူလေ့လာနေကြပုံကို တွေ့ရစဥ်။