MPT ၏ (၁၂) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုမှတစ်ဆင့် ဆေးရုံများနှင့် အမျိုးသားသွေးဌာနများသို့ သွေးအိတ်များ လှူဒါန်းနိုင်ခဲ့

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား အရည်အသွေးမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်နှင့် စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုကဲ့သို့သော လူမှုအကျိုးပြု လှုပ်ရှားမှုများ အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် လူမှုအသိုက်အဝန်းအား ပံ့ပိုးကူညီနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။
MPT ၏ (၁၂) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုမှ MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ စုပေါင်း၍ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ နောက်ထပ်တိုင်းဒေသကြီးတစ်ခုတွင်လည်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၄၅၃) ဦး ပါဝင် လှူဒါန်းခဲ့ပြီး သွေးလှူရှင်များ၏ တန်ဖိုးရှိသော သွေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း နှင့် မြောက်ပိုင်း) တို့ရှိ သက်ဆိုင်ရာ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများသို့ အသီးသီးလှူဒါန်းခဲ့ကြပြီး ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က “ဒီနေ့ ကျင်းပပြုလုပ်တဲ့ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုမှာ မိမိကိုယ်ကျိုးမကြည့်ဘဲ အခြားသူတွေရဲ့ ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ပံ့ပိုးပေးခဲ့ကြတဲ့ စေတနာ သွေးလှူရှင် အားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုပါတယ်။ သွေးလှူဒါန်းခြင်းကတစ်ဆင့် အထူးသဖြင့် အရေးပေါ်ကုသမှု လိုအပ်နေသူတွေအတွက် အသက်ကယ်ဆယ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ သွေးလှူဒါန်းခြင်းဟာ မြန်မာပြည်သူပြည်သားတွေအတွက် မွန်မြတ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာကြောင့် MPT အနေနဲ့ အခုလို ဂုဏ်ယူစရာကောင်းတဲ့ အလေ့အထကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လူမှုအသိုက်အဝန်းကို နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ စုပေါင်းသွေးလှူဒါန်းခြင်းအစီအစဉ်သည် နိုင်ငံတစ်ဝန်းရှိ အများပြည်သူတို့အတွက် ဆေးဝါးကုသရာတွင် သွေးလိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်၊ သန့်စင်၍ အသက်ကယ်နိုင်သော သွေးကို ဆေးဝါးကုသမှုတွင် အသုံးချခြင်း၏ အရေးပါမှုကို သိရှိနိုင်စေရန် နှင့် သွေးလှူဒါန်းခြင်း၏ အရေးပါမှုတို့အား အများပြည်သူတို့အကြား သိရှိနားလည်မှု မြင့်မားလာစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
MPT သည် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂၀၁၆ ခုနှစ်မှစတင်၍ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုများကို (၁၂) ကြိမ်တိုင်တိုင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါလှုပ်ရှားမှုများတွင် မိမိကိုယ်ကျိုးမကြည့်ဘဲ သွေးလှူဒါန်းခဲ့ကြသည့် စေတနာသွေးလှူရှင် စုစုပေါင်း (၈,၀၀၀) ကျော် ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြပါသည်။ အဆိုပါစေတနာသွေးလှူရှင်များ၏ တန်ဖိုးရှိသော ပံ့ပိုးကူညီမှုများသည် အသက်များစွာကို ကယ်တင်ရန်နှင့် သွေးသွင်းရန် လိုအပ်နေသော လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို မြှင့်တင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။ MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများကို ဆက်လက် ဆောင်ရွက်သွားမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အခြားသော နယ်ပယ်များတွင်လည်း လူမှုအကျိုးပြု လုပ်ငန်းများကို အလေးထားကာ ပြည်သူများအား အစွမ်းကုန် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဟု ကတိပြုပါသည်။
သွေးလှူဒါန်းခြင်းဖြင့် လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုသိရှိလိုပါက https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။