MPT အနေဖြင့် ကဏ္ဍစုံတွင် အမျိုးသမီးများအားလုံးပါဝင်နိုင်ရေး မြှင့်တင်ပေးခြင်းဖြင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် မတူကွဲပြားသော ဒေသများနှင့် အကြောင်းချင်းရာများရှိနေကြသည့် အမျိုးသမီးတို့၏ တန်ဖိုးမဖြတ်နိုင်သော စွမ်းဆောင်မှုများကို အသိအမှတ်ပြု အလေးထားခြင်းဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။ MPT ကို နံပါတ် (၁) ဆက်သွယ်ရေး အော်ပရေတာအဖြစ် ရပ်တည်နေစေရန် ပံ့ပိုးပေးနေသည့် မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်ရည်များကို အလေးအထားခြင်းနှင့်အတူ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ စွမ်းအားကို ခိုင်မာစွာဖြင့် အလေးအနက်ယုံကြည် ထားပါ သည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (IWD) အတွက် ဆောင်ပုဒ်မှာ “Inspire Inclusion” “လူမှုဘဝတွေ မြှင့်တင်ဖို့ ကဏ္ဍစုံမှာ တို့အမျိုးသမီးတွေ ပါဝင်စို့”  ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (IWD) ဆောင်ရွက်ချက်အရ  လူအများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများ၏ စွမ်းရည်နှင့် ဖြစ်တည်မှုကို တန်ဖိုးထားလေးစားပြီး အမျိုးသမီးများကိုယ်တိုင် ပါဝင်လာစေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ပါဝင်ရန် တိုက်တွန်းလှုံ့ဆော်ခံရသည့် အခါတွင် သက်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သည်ဟု ခံစားရပြီး စွမ်းဆောင်ရည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ပါသည်။

MPT အနေဖြင့် ဝန်ထမ်းအင်အား နှင့် ခေါင်းဆောင်မှုရာထူး နှစ်ခုစလုံးတွင် ကျားမတန်းတူညီမျှရှိစေရန်  ကြိုးစားအားထုတ်ထားကာ ယင်းကတစ်ဆင့် အမျိုးသမီးများ၏ပါဝင်နိုင်မှု နှင့် လူမှုဘဝမြှင့်တင်နိုင်မှုတို့ကို ထုတ်ဖော်ဆောင်စေနိုင်မည်ဖြစ်သည်။ MPT တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းအင်အား၏ ၅၀ ရာခိုင်နှုန်း နီးပါးသည် အမျိုးသမီးဝန်ထမ်းများဖြစ်ပြီး ၎င်းတို့သည် ပုံမှန်အားဖြင့် အမျိုးသမီးများ ကရှေ့ဆောင်ပြီး လုပ်ဆောင်နေသော ကဏ္ဍများဖြစ်သည့် စျေးကွက်ရှာဖွေရေးနှင့် ဘဏ္ဍာရေး ဌာနများမှသည် နည်းပညာဌာနကဲ့သို့သော  ဌာနများအထိ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

သို့ရာတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ အမျိုးသမီး လုပ်သားအင်အားသည် ၂၀၂၂ ခုနှစ်တွင် ၉ ဒဿမ ၈ သန်းရှိရာမှ ကိုဗစ်-၁၉ ကြောင့် ၁ ဒဿမ ၁ သန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။ MPT အနေဖြင့် မကြာသေးမီက ဆောင်ရွက်ခဲ့သည့် “Fresh Graduate Hiring Program 2023” အစီအစဉ်တွင်လည်း MPT လုပ်ငန်းခွင် အလုပ်သင်ဝန်ထမ်း စုစုပေါင်း ၅၀ ကျော်တွင် အမျိုးသမီးဝန်ထမ်း ၃၀ ကျော်ကိုလည်း ရွေးချယ် ခန့်အပ်ခဲ့ခြင်းနှင့်အတူ အဆိုပါအခြေအနေကို ပြန်လည်ကောင်းမွန်လာစေရန် အကောင်းဆုံးကြိုးစား ဆောင်ရွက်နေပါသည်။ ဤအစီအစဉ်သည် MPT ၏ ကျားမတန်းတူညီမျှမှု ရှိစေရေးအတွက်ကြိုးပမ်းမှုဖြစ်ကာ အမျိုးသမီးကျွမ်းကျင်ပညာရှင်များကို အလုပ်အကိုင် အခွင့်အလမ်းပေးအပ်ရန်အတွက် ကတိကဝတ်ထား အားထုတ်မှု ကို ဖော်ပြလျက်ရှိပါသည်။

MPT-KSGM Joint Operations ၏ ဘဏ္ဍာရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဒေါ်မြင့်မြင့်ဟန်က “ကျွန်မတို့ အဖွဲ့အစည်းအနေနဲ့က အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသလို ကျွန်မတို့ရဲ့အဖွဲ့အစည်း အတွက် အထောက်အပံ့ကောင်းတွေ ပေးစွမ်းနေကြတာမို အထူးကျေးဇူးတင်ခြင်းနဲ့အတူ ၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ယူစွာနဲ့ ကြိုဆိုလိုက်ပါတယ်။

တယ်လီကွန်းလုပ်ငန်းမှာ ဦးဆောင်နေသူအမျိုးသမီးတစ်ယောက်အနေနဲ့ တက်ကြွဖျတ်လတ်မှု၊ စိတ်ရှည်မှုနဲ့ ကောင်းစွာ ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မှုတွေဟာ အောင်မြင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတွေ ဖြစ်တာကို  သိရှိနားလည်ခဲ့ပါတယ်။ ကျွန်မရဲ့ ဝန်ထမ်းသက်တမ်းတစ်လျှောက်မှာရခဲ့တဲ့ အတွေ့အကြုံအရ အားလုံးအပေါ်မှာ အကြင်နာတရား၊ ကိုယ်ချင်းစာတရား ၊ နားလည်ပေးမှုတွေရဲ့ အရေးပါမှုကို ပိုမို သိရှိလာတာမို့ ကိုယ်တိုင်လည်း ကျင့်သုံးဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စိတ်ခွန်အားတွေပေးပြီး  နားလည်မှုနဲ့ စာနာစိတ်တွေကို မွေးမြူခြင်းအားဖြင့် အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မယ်လို့ ကျွန်မအနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

အရည်အချင်းရှိသော အမျိုးသမီးများကို ပါဝင်နိုင်ရန်၊ အလုပ်ခန့်အပ်ရန်နှင့် ပံ့ပိုးရန်အတွက် MPT ၏ ကြိုးပမ်းအားထုတ်မှုများသည် မတူကွဲပြားမှုနှင့် ပါဝင်နိုင်မှုကို အားပေးမြှင့်တင်ပေးခြင်းဖြင့် အဖွဲ့အစည်း၏ ကြံ့ကြံ့ခံနိုင်မှုနှင့် တစိုက်မတ်မတ်ချဉ်းကပ် ဆောင်ရွက်မှုကို အလေးထား ဖော်ပြနေခြင်း ဖြစ်ပါသည်။ MPT သည် ကျားမတန်းတူညီမျှရေးကို အဓိကဦးစားပေးခြင်းဖြင့် ပိုမိုမျှတသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးရုံ သာမက ဝန်ထမ်းများ၏ မတူကွဲပြားသော အရည်အချင်းများနှင့် ရှုထောင့်များကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှုနှင့် အောင်မြင်မှုရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တစ်ချိန်တည်းတွင် MPT သည် လူမှုအဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးများအတွက် ပံ့ပိုးကူညီမှုများလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်းတွင် MPT သည် လူမှုအကျိုးပြုလှုပ်ရှားမှု အစီအစဉ်တစ်ရပ်ဖြစ်သည့် နိုင်ငံတစ်ဝန်း  လှူဒါန်းမှုအစီအစဥ်ဖြင့်  မြန်မာနိုင်ငံတစ်ဝန်းရှိ သီလရှင်ကျောင်း (၇) ကျောင်းသို့ မြန်မာကျပ်ငွေ (၂၁) သန်းကျော် လှူဒါန်း ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် MPT Club သည် ၂၀၂၂ ခုနှစ် ဧပြီလနှင့် ဇူလိုင်လတွင် MPT Club International Women’s Day ပရိုမိုးရှင်းနှင့် MPT Club Mother’s Day Promotion အစီအစဉ်မှတစ်ဆင့် People’s Health Foundation (PHF) သို့ မြန်မာကျပ်ငွေ (၄.၇) သန်းကို ပံ့ပိုးကူညီခဲ့ပါသည်။

MPT သည် အမျိုးသမီးများ အလုပ်နှင့်ဘဝ ဟန်ချက်ညီညီဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် စွမ်းဆောင်ရည်အပြည့်ဖြင့် အောင်မြင်နိုင်စေမည့် ကောင်းမွန်သော ပတ်ဝန်းကျင် အနာဂတ်တစ်ခုကို ဖန်တီးရန် ကြိုးပမ်းနေပါသည်။

MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အသက်အရွယ်မရွေး အမျိုးသမီးများအား အခွင့်အလမ်းများမြှင့်တင်နိုင်ရေး အလေးထား ဆောင်ရွက်ခြင်းနှင့်အတူ သုံးစွဲသူများအတွက် ဆန်းသစ်ပြီး ယုံကြည်စိတ်ချရသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

MPT အကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင်ဝဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများဖြင့် MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဌာနအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ နှင့် တွဲဖက်အမှုဆောင်အရာရှိချုပ်တို့အကြား ဆွေးနွေးပွဲ မှတ်တမ်းဓါတ်ပုံများ