ISMS နှင့် Online Security Awareness သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Information Security Management System နှင့် Online Security Awareness (ဒုတိယအကြိမ်) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဩဂုတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား (၅၂)ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ သင်တန်းကျောင်း ကျောင်းအုပ်က ယနေ့ဖွင့်လှစ်သည့် Information Security Management System သင်တန်းသည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ ယခုကဲ့သို့ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏  အဓိကရည်ရွယ်ချက်မှာ နိုင်ငံ၏ e-Government စနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနအသီးသီးက ပါဝင်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိရာတွင် အဓိကကျသည့် နိုင်ငံ့ဝန်ထမ်းများ၏ ဒစ်ဂျစ်တယ်နည်းပညာခေတ်အတွင်းမှာ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုသူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ Virus ၊ Threats များအကြောင်း၊ data အချက်အလက်များ ခိုးယူသည့်အခါ အများဆုံး အသုံးပြုလေ့ရှိသည့် Social Engineering Attack ပုံစံများအကြောင်း၊ Information assets ၊ Data အချက်အလက်များ အတွက် လုံခြုံမှုဆိုင်ရာ အသိပညာများ၊ မဖြစ်မနေ သိသင့်သိထိုက်သည့် အချက်အလက်များကို သိရှိနားလည်ရုံသာမက ISO 27001 Standard ကိုပါ လေ့လာသိရှိပြီး မိမိတို့ဌာနများအတွင်း သတင်းအချက်အလက်လုံခြုံရေး အစီအမံများ ဆောင်ရွက်နိုင်စေရန် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

   ဆက်လက်ပြီး  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မိမိတို့ သင်တန်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် လေ့လာဆည်းပူး၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

Information Security Management System နှင့် Online Security Awareness သင်တန်းများသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။