ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေး ပြည်ထောင်စုဝန်ကြီး တက်ရောက်

၂၀၁၃ခုနှစ် ဇန်နဝါရီလတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် တွင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးတို့အတွက် အပြည်ပြည်ဆိုင်ရာမှ အလှူရှင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ ထိရောက်သော ဖွံ့ဖြိုးမှုအကူအညီများရရှိစေနိုင်ရန် ဦးစားပေးနယ်ပယ်များ သတ်မှတ်၍ပူးပေါင်းဆောင်ရွက် သွားရန်နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရကဏ္ဍအသီးသီး သတ်မှတ်ဆောင်ရွက်ခဲ့ရာတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်၍အပြည်ပြည်ဆိုင်ရာ Development Partner များပါ၀င်သော ICT Sector Working Group၏ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေး အား သြဂုတ်လ(၂၇)ရက်နေ့နံနက် (၁၀းဝဝ)နာရီတွင် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ၀န်ကြီးဌာန မှ တာဝန်ရှိသူများ မှ ICT ကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ ဆောင်ရွက် ထားရှိမှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦ လက်ရှိတည်ဆောက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန် ရည်မှန်းထားရှိချက် များနှင့် မဟာဗျူဟာ အစီအမံများ၊ မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက် အသုံးပြုလျှက်ရှိသော e-government ဆိုင်ရာ အခြေခံအဆောက်အဦများ၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းများနှင့် ၀န်ကြီးဌာန အသီးသီးမှ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော e-governmentလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရန် ရည်မှန်းချက်များ၊ ဦးစားပေးဆောင်ရွက်လို သောစီမံကိန်းများနှင့် လုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကာ Development Partner များမှလည်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိမိတို့ ပူးပေါင်း ဆောင်ရွက်ပေးလိုသော အစီအစဉ်များ ကို ရှင်းလင်း တင်ပြခဲ့ပါသည်။
    အစည်းအဝေးသို့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များ၊ကနေဒါ၊ ကိုးရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ ၊  ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ သံရုံးတို့နှင့် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ တို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနနှင့် Myanmar Development and Research Institute(MDRI) မှကိုယ်စားလှယ်များ၊ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ICT Sector Working Group ညှိနှိုင်းအစည်းအဝေးအားနောင်တွင်(၁)လ သို့မဟုတ် (၂)လ တစ်ကြိမ် ပုံမှန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် e-government လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် အောင်မြင်စေရေး အတွက် လိုအပ်သော အထောက်အပံ့များ အား ပေးသွားနိုင်ရေး ကို ဦးတည်၍ ဆက်လက် ညှိနှိုင်းဆွေးနွေး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် မြန်မာနိုင်ငံ၏ ICTကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် အကူအညီ အထောက်အပံ့ ပေးအပ်ရန် စိတ်ပါ၀င်စားလျှက်ရှိသော နိုင်ငံများအား ထပ်မံဖိတ်ခေါ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေးအား နေ့လည် (၁၂:၃၀) ခန့်တွင် ရုတ်သိမ်းခဲ့ပါသည်။