Establishment of enabling environment for e-Government through Integrated Datacenters အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသား စီးပွားရေး မူဝါဒများနှင့်အညီ မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် “Establishment of enabling environment for e-Government through Integrated Datacenters” အလုပ်ရုံ ဆွေးနွေးပွဲအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များကို အစိုးရဌာနများ အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌ တိုးတက် များပြားလာမည့် အီလက်ထရောနစ် ဝန်ဆောင်မှုများအား အမျိုးသားအဆင့်သို့ ဟန်ချက်ညီစွာ ပေါင်းစပ် အဆင့်မြှင့်တင်ပြီး   နိုင်ငံသားများသို့ ပိုမိုကောင်းမွန်သော Online ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် e-Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်း စီမံကိန်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

စီမံကိန်း အစီအစဉ်အရ e-Government Integrated Datacenter ကို နေပြည်တော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးကြီး သတင်းအချက်အလက်များ ဆုံးရှုံးမှုများမှ ကာကွယ်ပေးနိုင်ရန် Backup စနစ်များအား ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်ပြီး Disaster Recovery Site ကို မတူညီသော နေရာတွင် တည်ဆောက်သွားမည် ဖြစ်ပါသည်။    e-Government ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုက လွယ်ကူစွာ ချိတ်ဆက် အသုံးပြု သွားနိုင်ရန် e-Government Portal တစ်ခုအား တည်ဆောက် သွားမည်ဖြစ်ပြီး၊ သုံးစွဲသူများ လွယ်ကူစွာ ဆက်သွယ် ဆောင်ရွက်နိုင်ရန်နှင့် လုံခြုံမှုရှိစွာ အသုံးပြု သွားနိုင်ရန်အတွက် မြန်နှုန်းမြင့် ကွန်ရက် (Government Wide Area Network − GWAN, Government Service Network − GSN) များကိုလည်း တည်ဆောက်သွားမည် ဖြစ်ပါသည်။  ဤ e-GIDC က  အစိုးရ၏ e-Government ဝန်ဆောင်မှုများအား ရုံးဌာနများ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်သူများ အနေဖြင့် (၂၄)နာရီ၊ (၇)ရက်  အသုံးပြုနိုင်ရေး ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။

 

ထိုသို့ ပြုလုပ် ပေးခြင်းအားဖြင့် အများပြည်သူက အရည်အသွေး မြင့်မားသော e-Service များကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ အစိုးရ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူလူထု အကြားတွင် သတင်း အချက်အလက် စီးဆင်းမှုများ ပိုမိုလွယ်ကူ မြန်ဆန်လာခြင်း၊ အစိုးရ လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုရေးဆိုင်ရာ အသိအမြင်များ ပိုမိုတိုးတက်လာခြင်းနှင့် အချိန်နှင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။

 

အတိတ်ကာလတွင် အစိုးရဌာနများမှ e-Government လုပ်ငန်းစဉ်များအား အမျိုးမျိုး ကွဲပြား ခြားနားသော နည်းပညာများ၊ Platform များ အသုံးပြု၍ သီးခြားစီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြသော်လည်း လက်ရှိအချိန်တွင် Myanmar e-Governance Master Plan တွင် ပါဝင်သောမူဝါဒ၊ လမ်းစဉ်နှင့် ရည်မှန်းချက်များအရ ICT Infrastructure, Application and Data များအား လိုအပ်သလို စုစည်းပေါင်းစပ်၍ ဘုံအဖြစ်ထားရှိပြီး မျှဝေအသုံးပြု၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

ထိုသို့ ဆောင်ရွက်သွားနိုင်ရန်အတွက် ICT Infrastructure တစ်ခုဖြစ်သော Data Center များအား အစိုးရဌာန အသီးသီးတွင် သီးခြားစီ တည်ဆောက် အသုံးပြုခြင်း မပြုဘဲ e-Government integrated Data Center ကို ဘုံ အသုံးပြုနိုင်ရန် တည်ဆောက်၍ မျှဝေ အသုံးပြုနိုင်ရန် ဆောင်ရွက် ပေးခြင်းအားဖြင့် အစိုးရ၏ လုပ်ငန်းစဉ်များ ပိုမို စွမ်းဆောင်ရည် ကောင်းမွန် လာမည်ဖြစ်ပြီး ဘဏ္ဍာငွေ ကုန်ကျမှုထိရောက်စွာ သက်သာစေမည် ဖြစ်ပါသည်။