e-Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်းစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် e-Government လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးအတွက် e-Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်း စီမံကိန်းအား ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း ဆွေးနွေးသွားရန်နှင့် အကြံပြုချက်များ ရယူသွားနိုင်ရန် ရည်ရွယ်၍ e-Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်း စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ အစိုးရ အဖွဲ့အစည်းအသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ​မှ တာဝန်ရှိသူများ၊  CIO များ တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ၊ Moon Engineering Consortium ၏ Executive Director က နှုတ်ခွန်းဆက် စကား ပြောကြား၍  သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က စီမံကိန်းဆိုင်ရာ အချက်အလက်များအား မိတ်ဆက် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ၊ Moon Engineering Consortium  နှင့် Samoo Architects မှ ကျွမ်းကျင်ပညာရှင်များသည်  စီမံကိန်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ Feasibility Study Result များ၊  eGIDC တည်ဆောက်သွားမည့် ပုံစံ၊ ဒီဇိုင်းနှင့် နည်းပညာများ၊ ICT အခြေခံအဆောက်အဦအား မျှဝေ အသုံးပြုသွားမည့် နည်းလမ်းများနှင့် နိုင်ငံတကာတွင် GIDC တည်ဆောက် အသုံးပြုလျက်ရှိသော အတွေ့အကြုံကောင်းများအား ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ တက်ရောက်လာသူများ၏ မေးမြန်း ဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြပြီး  သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက နိဂုံးချုပ် အမှာစကား ပြောကြား၍  အလုပ်ရုံ ဆွေးနွေးပွဲအား နေ့လည် (၁၂:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။