e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ( ၂ ) တွင် ပြုလုပ်ရာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင်တို့ တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။

ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် အတွက် e-Government ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် e-Government ဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းအား မြင့်မားလာစေရန်၊ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင်းလင်းမြင်သာမှု ရှိသည့်အစိုးရ တစ်ရပ်ဖြစ်ပေါ်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်  လိုအပ်သော ဥပဒေ၊ မူဘောင်၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံနှုန်း သတ်မှတ်ချက်များကို အချိန်ကိုက် ရေးဆွဲပြဋ္ဌာန်း သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များကို ဖော်ထုတ်ဆောင်ရွက်ရာတွင် Myanmar e-Governance Master Plan တွင်ပါရှိသော လုပ်ငန်းစဉ်များအပြင်  ခေတ်ကာလနှင့် လျော်ညီမည့် အမှန်တစ်ကယ် လိုအပ်ချက်ဖြစ်သည့် လုပ်ငန်းစဉ်များကိုလည်း စိစစ်ပြီးနောက် ရန်ပုံငွေသုံးစွဲမှု ပုံစံများနှင့်အတူ ဦးဆောင်ကော်မတီသို့ တင်ပြ အတည်ပြုချက်ရယူပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှန်တကယ် အလုပ်ဖြစ်ပြီး လက်တွေ့ကျကျ ထိရောက်စေမည့် Action Plan များဖြစ်ရန်လည်း လိုအပ်ကြောင်း၊ e-Government Survey ကောက်ယူခဲ့သည့် စစ်တမ်းမှ တွေ့ရှိသုံးသပ်ချက်များကိုလည်း တင်ပြပေးစေလိုကြောင်း၊ ထို့ပြင် အစိုးရဌာနများ လက်ရှိအသုံးပြုနေသည့် Government Service Network ကို အရည်အသွေးနှင့် လုံခြုံမှု ပိုမိုကောင်းမွန်ရန် မည်ကဲ့သို့ အဆင့်မြှင့်တင် ဆောင်ရွက်မည်ဆိုသည့် အစီအမံများကိုလည်း တင်ပြပေးစေလိုကြောင်း၊ Sub Committee များကလည်း လုပ်ငန်းတိုးတက်မှုနှင့် လိုအပ်ချက်များကို သမားရိုးကျမဟုတ်ဘဲ e-Government ဖြစ်ရန် အမှန်တကယ် လိုအပ်သည် များကို ဦးစားပေး ဆွေးနွေးပေးရန်နှင့် လုပ်ငန်းကော်မတီများအနေဖြင့် ပြည်သူများနှင့် နိုင်တော်၏ အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီပြီး အကျိုးဖြစ်ထွန်းစေမည့် e-Government လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားသည်။

ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် လုပ်ငန်း ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ e-Government Readiness Assessment Survey ကို ကောက်ခံရာ၌ တစ်ချို့သော အစိုးရဌာနများမှ ပြန်လည်ပေးပို့ခဲ့ခြင်း မရှိကြောင်း၊  ပေးပို့လာသော အချက်အလက်များအပေါ် လေ့လာသုံးသပ်ပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကို ဖော်ထုတ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ Myanmar National Portal အား ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ပြည်သူလူထုသို့ သတင်းအချက်အ လက်များ ပိုမိုပြည့်စုံစွာ ဖြန့်ဖြူးပေးနိင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  Data Center များအား သီးခြားစီ တည်ဆောက်အသုံးပြုကြမည့်အစား လက်ရှိ Data Center များအား အသုံးပြုသွားစေလိုပါကြောင်း၊ တူညီသော Platform တစ်ခုပေါ်တွင် စုစည်းအသုံးပြုသွားနိုင်ရေးအတွက် တည်ဆောက်သွားမည့် e-GIDC စီမံကိန်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် Cyber Law and Policy (ပထမမူကြမ်း) ကို ရေးဆွဲသွားနိုင်ရေးအတွက် အစိုးရဌာန/အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြောင်း၊၂၀၁၉ ခုနှစ် ဇွန်လခန့်တွင် ပထမ (မူကြမ်း) ကို တင်ပြနိုင်ရန် ရည်မှန်းချက် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ Digital Literacy မြှင့်တင်ရေး လုပ်ငန်းများ၊ Connectivity များ ကောင်းမွန်လာရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် အမှန်တကယ် လိုအပ်ချက်ဖြစ်သည့် ရှေ့ဆက်ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်တွေကို ဖော်ထုတ်၍ ဦးဆောင်ကော်မတီသို့တင်ပြ အတည်ပြုချက်ရယူပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အတူ သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးက တင်ပြလာကြခြင်းများကို ဦးဆောင်ကော်မတီသို့ တင်ပြပြီး ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင် များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆပ်ကော်မတီများ၏ အဖွဲ့ဝင်အချို့ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ကိစ္စရပ်များ၊ Unicode နိုင်ငံတကာစံ ISO 10646 အရ ဆောင်ရွက်ထားသော မြန်မာ Unicode စနစ်အကြောင်းနှင့် မြန်မာ Unicode စနစ်သို့ Migration ပြုလုပ်မည့် အစီအစဉ်များ၊ Radio Frequency ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ဝန်ကြီးဌာန/နိုင်ငံတော် အဖွဲ့အစည်းများအတွက် Domain Name နှင့် e-mail လိပ်စာများ သတ်မှတ်အသုံးပြုနိုင်ရေးနှင့် Cyber Law မူကြမ်းပြုစုရေးဆွဲခြင်း လုပ်ငန်းအထောက်အကူပြု ကော်မတီဖွဲ့စည်းရေး ကိစ္စရပ်များအား အသီးသီး ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိသည်။