e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မေ ၂ ရက်

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် မေ ၂ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် ( ၂ ) တွင် ပြုလုပ်ခဲ့ရာ e-Government အကောင် အထည် ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက အဖွင့်အမှာ စကား ပြောကြားရာတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည် ဖေါ်ဆောင်သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ ဖြင့် “e-Government ဦးဆောင်ကော်မတီ”ကို လုပ်ငန်းတာဝန် (၅) ရပ်ချမှတ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတ တို့မှ ဦးဆောင်၍ ၄၆ ဦး ဖြင့်လည်းကောင်း၊ “e-Government အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ” ကို လုပ်ငန်းတာဝန် (၅) ရပ် ချမှတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ ၄၅ ဦး ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊               e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီသည် ဦးဆောင်ကော်မတီက ချမှတ်လိုက်သည့် မူဝါဒ၊ လမ်းညွှန်ချက်များကိုထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းခြင်းများ၊ ကွပ်ကဲကြပ်မတ်ခြင်း များကို အဓိကထားလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ၁၂-၆-၂၀၁၈ ရက်နေ့တွင် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အနေဖြင့်သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ထိထိရောက်ရောက် သွက်လက်စွာဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် ဆပ်ကော်မတီ ၈ ခုကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၄-၄-၂၀၁၈ ရက်နေ့၊ ရုံးအမှတ်-၅၊ နေပြည်တော်တွင် ကျင်းပပြုလုပ် ခဲ့သည့် e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ ဆုံးဖြတ်ချက် (၅) ချက် ချမှတ်ခဲ့ခြင်းအပေါ် ၂ ချက်ကိုဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိနေသည့် ၃ ချက်အား အကောင်အထည်ဖော်ဆောင်နေသည့် အခြေအနေကို လည်းကောင်း၊ ၂၇-၆-၂၀၁၈ ရက်နေ့၊ ရုံးအမှတ်-၅၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက် (၂၁) ချက် ချမှတ်ခဲ့ခြင်းအပေါ် ၅ ချက်ကို ဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိနေသည့် ၁၆ ချက်အား အကောင်အထည်ဖော်ဆောင်နေသည့် အခြေအနေကို လည်းကောင်း၊ ၂၇-၂-၂၀၁၉ ရက်နေ့၊ ရုံးအမှတ်-၅၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက် (၁၃) ချက် ချမှတ်ခဲ့ခြင်းအပေါ် အကောင်အထည်ဖော်ဆောင်နေသည့် အခြေအနေကိုလည်းကောင်း၊ သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီ၊ အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနနှင့် ဌာနအဖွဲ့အစည်း အသီးသီး တို့အနေဖြင့် အလေးအနက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါရန်နှင့် ပေါင်းစပ် ညှိနှိုင်းပေးရန် လိုအပ်ချက်များကိုလည်း ဆွေးနွေးသွားကြရန်နှင့် ၉-၅-၂၀၁၈ ရက်နေ့၊ ရုံးအမှတ် ၂၊ နေပြည်တော် တွင် ကျင်းပခဲ့သည့် e-Government  အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ၏ ပထမ အကြိမ်အစည်းအဝေးက ဆုံးဖြတ်ချက် (၄) ချက် ချမှတ်ခဲ့ပြီး ဆုံးဖြတ်ချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ၁-၂-၂၀၁၉ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပခဲ့သည့် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးက ဆုံးဖြတ်ချက် (၇) ချက် ချမှတ်ခဲ့ပါ၍ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေအနေကို တင်ပြသွားရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မတီ ဥက္ကဋ္ဌ ဆက်လက်ပြောကြားရာတွင် e-Government အကောင်အထည်ဖော်ရာ၌ ထည့်သွင်း စဉ်းစားရမည့် အချက် (၃) ချက်ရှိပါကြောင်း၊ ယင်းတို့မှာ People, Process, Technology တို့ ဖြစ်ပါကြောင်း၊ ပထမအချက် အနေဖြင့် ဝန်ဆောင်မှုပေးရမည့် ဝန်ထမ်းများ၊ မူဝါဒ ချမှတ်ပေးရမည့် ခေါင်းဆောင်ပိုင်း၊ စီမံခန့်ခွဲရမည့် ဌာနအကြီး အကဲများ၊ ဝန်ဆောင်မှုကို ရယူသုံးစွဲမည့် ပြည်သူများ ပါဝင်သည့် People ဖြစ်ပါကြောင်း၊ e-Government အောင်မြင်ရန်အတွက် ၎င်းအချက်မှာ (၄၀) ရာခိုင်နှုန်း ပါဝင်သည်ဟု ပညာရှင်များက သတ်မှတ်ထားကြပါကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ် သကဲ့သို့ ခေါင်းဆောင်ပိုင်းဖြစ်သည့် ဌာနအကြီးအကဲများ၏ ဆောင်ရွက်လိုစိတ် ကလည်း အရေးကြီး ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် လုပ်ငန်းစဉ်တွင် သမားရိုးကျ လုပ်ထုံး လုပ်နည်းများကို ဆန်းစစ် ပြီးဖြေလျော့သင့်သည်တို့ကို ဖြေလျော့ခြင်း၊ ပြုပြင် ပြောင်းလဲခြင်းများကို ဆောင်ရွက်ရန် ဖြစ်သည့် Process ဖြစ်ပြီး e-Government အောင်မြင်ရန်အတွက် ယင်းအချက်မှာ (၄၀) ရာခိုင်နှုန်းလောက် အရေးပါကြောင်းကိုလည်း ပညာရှင်များက သတ်မှတ်ထားကြပါကြောင်း၊ တတိယအချက်ဖြစ်သော နည်းပညာအနေနှင့် e-Government အောင်မြင်ပြီး နိုင်ငံတကာ၏ အတွေ့အကြုံကောင်းများကို လေ့လာပြီး အစိုးရ၏ လုပ်ငန်းစဉ်များမှ မည်သည့် လုပ်ငန်းစဉ် များအတွက် မည်သို့သော ခေတ်မီ နည်းပညာများကို အဆင်သင့် ရယူအသုံးချသွားနိုင်ရန် ဖြစ်သည့် Technology ဖြစ်ပြီး (၂၀) ရာခိုင်နှုန်းသာ ပါဝင်သည်ဟု သတ်မှတ်ထားကြတာကို တွေ့ရပါကြောင်း၊ e-Government အောင်မြင်ဖို့က နည်းပညာအတားအဆီး မဟုတ်ဘဲ တာဝန်ခံမှုရှိသည့်ခေါင်းဆောင်မှု၊ ဝန်ဆောင်မှုပေးလိုစိတ်၊ တာဝန်ယူလိုစိတ်ရှိသည့် ဝန်ထမ်းများနှင့် သုံးစွဲလိုစိတ်ရှိသော ပြည်သူများမှာ အဓိကဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ဆောင်ရွက်လိုစိတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပို၍အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရဌာနများအပါအဝင် ကွန်ပျူတာသုံးစွဲသူများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ တရားဝင်လိုင်စင်မရှိသေးသည့် Software များ၊ Windows Operating System နှင့် Office Application များကို အသုံးပြုနေကြသည်ကို တွေ့ရသည့်အတွက် Cyber Security နှင့်ပတ်သက်၍ အစိုးရဌာနများ၏ သတင်းအချက်အလက်များ လုံခြုံမှုရှိစေရေး တရားဝင် License များရယူ၍ အသုံးပြုသွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်ရာဆပ်ကော်မတီ/ ဌာနများမှ ဝယ်ယူ ဖြန့်ဖြူးပေးမည့် အစီအမံများ ကိုတင်ပြပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက် သွားရန် တိုက်တွန်းလိုပါကြောင်း၊ ဌာနအသီးသီးတွင်လည်း e-Government ကို အကောင် အထည်ဖေါ်ဆောင် သွားဖို့ အတွက် HR အခက်အခဲနဲ့ တိုက်တွန်းအားပေးမှုများ လိုအပ် နေသေးသည်ကို သိရှိရပါကြောင်းနှင့် ဖြေရှင်းနိုင်ရန် ဝိုင်းဝန်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အရေးကြီးသည့် အချက်တစ်ခုအနေဖြင့် ထိရောက်သော e-Government ဝန်ဆောင်မှုများ ဖြစ်လာစေရန်အတွက် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့် e-ID စနစ် တည်ဆောက် ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်သည့်အတွက် e-ID စနစ် လုပ်ငန်း ကော်မတီကို ၁၂-၆-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ e-ID စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်အတွက် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး ရှင်းလင်းတင်ပြပေးမည် ဖြစ်ကြောင်းသိရပါ၍ ကျေးဇူးတင်ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကော်မတီဝင်များနှင့် ဆပ်ကော်မတီများက e-Government စနစ်ကို ပိုပြီးထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ဆောင်ရွက်နေသည်များနှင့် နှိုင်းယှဉ်လေ့လာပြီး ပြည်သူကို အမှန်တကယ် အကျိုးရှိစေမည့် Quick Win စီမံကိန်းများ၊ လုပ်ငန်းများကို အကြံပြုတင်ပြသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Single Window ဖြစ်သည့် Myanmar National Portal ကို လွှင့်တင် ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီး၏ ဝန်ဆောင်မှုများ၊ online service များ၊ သတင်းအချက်အလက်များကို ရိုးရှင်းလွယ်ကူစွာ ရယူအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း၊ Tender, News, Jobs & Vacancies, Services နှင့် အစိုးရ၏သတင်းအချက်အလက်များအား ပိုမို အသုံးပြုမှုများပြားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထုက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အသုံးပြုလာနိုင်အောင် လိုအပ်သည့် Digital Marketing လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အစိုးရဌာနများ၏ Server များကို Co-location ထားရှိနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာနက နေပြည်တော်တွင် Data Center တစ်ခုအား တည်ဆောက် ထားပေးပြီးဖြစ်ပါ ကြောင်း၊ ယခု Data Center မှာ Facility များအဖြစ် Backup Power System, Precision Cooling System, CCTV NVR System, Fire Fighting System, Network Monitoring System, Firewall Security Service များကို  24/7 Service ဆောင်ရွက်ပေးထားသည့်အပြင် အစိုးရဌာနများ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ရည်ရွယ်ပြီး  ဈေးနှုန်း သက်သာစွာ အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည့်အတွက် အစိုးရဌာနများ အနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏လက်ရှိ Data Center ဝန်ဆောင်မှုများကို ရယူအသုံးပြု သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

              ထို့အပြင် e-Government လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်e-Government Integrated Data Center (eGIDC) စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ချေးငွေနှင့် တည်ဆောက် သွားနိုင်ရန် အတွက် ၂၀၁၉ ခုနှစ် ဧပြီလတွင် Korea EXIM Bank Mission အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ Loan Agreement ရေးထိုးနိုင်ရေး ကိစ္စများနှင့် eGIDC စီမံကိန်းအတွက် ဆောင်ရွက်ရမည့် Advanced Action Plan များ စတင်ဆောင်ရွက်ရန်ကိစ္စများကို ညှိနှိုင်းသဘောတူခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် Online နှင့် IT ဝန်ဆောင်မှုများ ရေရှည်ဖော် ဆောင်ရွက်သွားနိုင်ရန် Cyber Law နှင့် Policy များကို လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ Cyber Law (မူကြမ်း)ကို ပြုစုလျက်ရှိရာ အဆိုပါ Cyber Law (မူကြမ်း)တွင် Cyber Security, e-Government, e-Commerce နယ်ပယ်တို့နှင့် သက်ဆိုင် သောဥပဒေ၊ မူဝါများ ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပါသောကြောင့် ကောင်းမွန် ပြည့်စုံ၍ မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီမှုရှိစေမည့် Cyber Law တစ်ခုဖြစ်ပေါ်လာစေရေး  သက်ဆိုင်သည့် ဌာန/အဖွဲ့အစည်းများက တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်း အကြံပြု ပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်များ၊ အထူးဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပြီး e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဒုတိယ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ Microsoft Windows Operating System နှင့် Office Application System တို့ကို အစိုးရဌာနများက လိုင်စင်ဖြင့် အသုံးပြုရေး၊ e-Government Secure e-Mail System နှင့် PKI (Public Key Infrastructure) အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကွန်ပျူတာသုံး မြန်မာစာစနစ်တွင် Non-Unicode စနစ်များမှ မြန်မာ Unicode စနစ်သို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့နောက်ဆုံးထား၍ ပြောင်းလဲ သုံးစွဲနိုင်စေရေး Migration ပြုလုပ်နိုင်ရန်အတွက် awareness ဆောင်ရွက်မည့် အစီအစဉ်များ၊ Data Policy and Data Classification ဆိုင်ရာမူဝါဒကို (၂) လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများ၊ SIM Registration နှင့်ပတ်သက်၍ Common Database ပြုလုပ်ဆောင်ရွက်မည့် ကိစ္စရပ်များကို  တင်ပြဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်းသိရပါသည်။