e-Government စစ်တမ်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ကြီးမှုး၍ e-Government စစ်တမ်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ ရုံးအမှတ် (၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ e-Government ဦးဆောင်ကော်မတီ၏ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

အတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် e-Government စနစ်ကို ဆက် လက်၍ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ဌာနအသီးသီးမှ e-Government အကောင်အထည်ဖော်ဆောင်မှု အခြေအနေများကို စစ်တမ်းကောက်ယူသွားနိုင်ရန် ရည်ရွယ်၍ ဤလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ e-Government ၏ ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်ရန်အတွက် နိုင်ငံတဝှမ်း၌ရှိသော အစိုးရဗဟိုရုံးများ၊ ဝန်ကြီး ဌာနများ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ အစရှိသည့် ဌာနအသီးသီး၏ လက်ရှိဆောင် ရွက်နေသောအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဦးစွာ သိရှိရန်လိုအပ် သောကြောင့် စစ်တမ်းကောက်ယူခြင်းဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူရာမှ ရရှိလာသည့် အချက် အလက်များအပေါ်တွင် အဆင်သင့်ဖြစ်မှု ၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မှု၊  ရန်ပုံငွေရရှိ မှုနှင့်အသုံးပြုမှု၊ လူ့စွမ်းအားအရင်းအမြစ်အစရှိသည့် အခြေအနေများကို ခွဲခြမ်းလေ့လာသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်/ စီမံကိန်းများကို အဖြေရှာ၊ ပုံဖော်ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

e-Government စနစ် ဖွံဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် ယနေ့ ကာလ၌ e-Government ဦးဆောင်ကော်မတီနှင့် အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းခဲ့ပြီး e-Government ဦးဆောင်ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မြန်မာနိုင်ငံ e-Government ၏ လုပ်ငန်းစဉ်များကို သွက်လက်မြန်ဆန်စွာ ရွေးချယ်သတ်မှတ်ပြီး စတင်ဆောင်ရွက်သွားနိုင်ရန် စစ်တမ်းများ ကောက်ယူသွားရေးကိုလည်း ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါ ကြောင်း၊ Myanmar e-Governance Master Plan ၏ ရည်ရွယ်ချက် များတွင်လည်း  စစ်တမ်းကောက်ယူရန် ဖေါ်ပြပါရှိပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ICT ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ e-Government လုပ်ငန်းစဉ် များ ကိုလည်း အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လာကြပြီး Online ဝန်ဆောင်မှုများလည်း တိုးတက် များ ပြားလျက်ရှိရာ e-Government လုပ်ငန်းစဉ်များကို ဌာနများအလိုက် သီးခြားစီ အကောင် အထည် ဖော်ဆောင်နေသည့်အဆင့်မှ အမျိုးသားအဆင့်သို့ ဟန်ချက်ညီစွာ စနစ်တကျ အဆင့်မြှင့်တင်နိုင်ရေး အစိုးရဌာနများအားလုံး ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ အစိုးရ၏ဝန်ဆောင်မှုများကို နိုင်ငံသားများမှ ရိုးရှင်းလွယ်ကူစွာနှင့် အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာစွာရယူအသုံးပြုနိုင်မည်ဖြစ်ပြီး ကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် အစိုးရ၏ မျက်နှာစာ သစ်ကို ဖွင့်လှစ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဌာနအသီးသီး၏ CIO များမှ ဤ Survey Form တွင်ပါဝင်သော မိမိဌာန၏ အချက် အလက်များကို ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန် ဖြည့်သွင်းပေးရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ မှန်ကန်သောအချက်အလက်များရရှိမှသာ ရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိနိုင်ရန် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှန်ကန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်၍ အားလုံးမှ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Focal Ministry အဖြစ် ဆောင်ရွက် လျက်ရှိရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ အသီးသီးမှ ပေးပို့လာသည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ e-Governemnt Development Index နှင့် ICT Development Index တို့မှာ နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် နောက်ကျလျက်ရှိပါကြောင်း၊ အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ Website/Webportal များ ၊ e-Service များ များစွာ ဆောင်ရွက်လျက်ရှိပြီး Infrastructure နှင့် ပတ်သက်၍လည်း Fiber ကေဘယ်လ်များ ကီလိုမီတာ သောင်းချီ၍ ချိတ်ဆက်သွယ်တန်းထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်တမ်းများကောက်ယူရာတွင် ဌာနအသီးသီးမှ Data များ မှန်ကန်ပြည့်စုံစေရန် ပံ့ပိုးကူညီပေးစေ လိုပါကြောင်း၊ e-Governemnt Development Index နှင့်  ICT Development Index မြင့်တက်လာပါက မြန်မာနိုင်ငံ၏ Doing Business Rank မှာလည်း မြင့်တက်လာမှာ ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ညွှန်ကြားရေးမှူး၊ဒေါ်နွယ်နီစိုးရင် မှ “E-Government Readiness Assessment Survey” တွင် ပါဝင်သည့် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေး မေးမြန်းချက်များအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် e-Government ဦးဆောင်ကော်မတီ၏ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

 အစည်းအဝေးသို့ ဗဟိုရုံးများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့မှ Chief Information Officer(CIO) များ၊ လက်ထောက် CIO များနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။