e-Government ကြီးကြပ်ကွပ်ကဲမှုဆပ်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

e-Government ကြီးကြပ်ကွပ်ကဲမှု ဆပ်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၁၇)ရက်က နေပြည်တော်ရှိ ရုံးအမှတ် (၂)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် e-Government ကြီးကြပ်ကွပ်ကဲမှုဆပ်ကော်မတီဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦးက တက်ရောက်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ဤဆပ်ကော်မတီ၏ ဒုတိယအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ Myanmar National Portal တည်ဆောက်ခြင်း၊ အစိုးရအဖွဲ့အစည်းများအားလုံးအသုံးပြုရန် Microsoft Operation System နှင့် Office တို့ကို လိုင်စင်ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း၊ ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်ခြင်းစသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါဆောင်ရွက်ပြီးစီးမှုများမှာ ထင်သာမြင်သာရှိပြီး အများပြည်သူနှင့်သက်ဆိုင်သော e-Government လုပ်ငန်းများဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိတွင်လည်း အစိုးရဌာနအဖွဲ့အစည်းများ အားလုံးအသုံးပြုနိုင်ရန်ရည်ရွယ်၍ e-Government Integrated Data Center တည်ဆောက်ခြင်းစီမံကိန်းနှင့် Government email, Public Key Infrastructure (PKI) စနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားခဲ့သည်။ ယခုအစည်းအဝေးတွင်လည်း ရှေ့ဆက်၍ ဆောင်ရွက်သွားသင့်သည့် e-Government လုပ်ငန်းစဉ်များအား ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားကြရန် ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆပ်ကော်မတီအတွင်းရေးမှူးက ပထမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တင်ပြခဲ့ပြီး Myanmar e-Governance Master Plan နှင့်ပတ်သက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှလည်းကောင်း၊ Cyber Security ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေးဆပ်ကော်မတီမှ အတွင်းရေးမှူးမှလည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီ (၈)ခုမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဆပ်ကော်မတီအသီးသီးမှ ဆောင်ရွက်လျက်ရှိသော e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။