e-Commerce for Trade Negotiators အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ပါ လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံမှ အခြားအာဆီယံနိုင်ငံများနှင့် လိုက်ပါ အကောင်အထည် ဖော်ဆောင်ရာတွင် အထောက်အကူပြုပေးနိုင်ရန်အတွက် “e-Commerce for Trade Negotiators အလုပ်ရုံဆွေးနွေးပွဲ”ကို ဇူလိုင် ၁၁ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် United Nations Conference on Trade and Development (UNCTAD) နှင့် အာဆီယံနှင့် အရှေ့စီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia - ERIA) တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးသာဦး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ သည် အာဆီယံဒေသတွင်းနှင့် မြန်မာနိုင်ငံတို့တွင် Digital နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍအား မြှင့်တင်သွားနိုင်ရေး၊ Cross Border e-Commerce လုပ်ငန်းစဉ်များနှင့် အာဆီယံဒေသတွင်း ပေါင်းစည်းဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်ရေးတို့ကို အထောက်အကူပြုနိုင်မည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သော ဆွေးနွေးပွဲတစ်ခုဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များသည် မြန်မာနိုင်ငံမှ အာဆီယံ၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်သည့်အခါ အခြားနိုင်ငံများနှင့်တန်းတူ ရင်ဘောင်တန်း လိုက်ပါဆောင်ရွက်သွားနိုင်ရေးအတွက် များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ Digital Economy ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး အာဆီယံဒေသတွင်း လုပ်ငန်းစဉ်များဖြစ်သည့် The Regional Comprehensive Economic Parthnership (RCEP) နှင့် ASEAN Coordinating Committee on E-Commerce (ACCEC) အစီအစဉ်များတွင် Focal အနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်း၌လည်း Digital Economy Development Committee (DEDC) တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း(ACE) 2025 အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် the ICT and e-Commerce Working Committee ကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ UNCTA ၊ ERIA နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများက “ကမ္ဘာလုံးဆိုင်ရာ၊ အာဆီယံဒေသတွင်းဆိုင်ရာနှင့် မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍ၊ Cross Border e-Commerce နှင့် ဒေသတွင်းပေါင်းစည်းမှုတို့ကို မြှင့်တင်ရန်” စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဦးဆောင်ဆွေးနွေးသူများကို ကျေးဇူးတင်မှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။