Digital Innovation and Leadership ၊ Front-End Web Development with JavaScript နှင့် Windows Server Administration-II သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Digital Innovation and Leadership ၊ Front-end Web Development with Javascript နှင့် Windows Server Administration-II သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ်၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား ( ၈၂ )ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Digital Innovation and Leadership သင်တန်းသည် Digital Governance စနစ်ဖော်ဆောင်ရာတွင် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုဆိုင်ရာ အသိပညာများနှင့် အသုံးချမှုများ သိရှိနားလည်ပြီး ဌာနများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် CIO/ACIO များနှင့် e-Government လုပ်ငန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အဆင့်မြင့် အရာထမ်းများ၏ စွမ်းရည်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ဒုတိယ သင်တန်းဖြစ်သော Front-end Web Development with JavaScript သင်တန်းသည် JavaScript ၏ အလုပ်လုပ်ပုံများကို နားလည်ပြီး ဝက်ဘ်ဆိုက် စာမျက်နှာ၏ ဒီဇိုင်းအပိုင်းတွင် Data Visualization ဆိုင်ရာ Chart, Graph များ၊ Interactive and Reactive Contents များနှင့် Client-Side Form Validations များပါဝင်သော Web Application များကို ဖန်တီးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့် တတိယသင်တန်းဖြစ်သော Windows Server Administration-II သင်တန်းသည် Windows Server Operation System အသုံးပြု၍ Advanced Feature များဖြစ်သော Active Directory Certificate Service များ၊ Windows Deployment Service များ နှင့် Server လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည့် နည်းလမ်းများ စီမံဆောင်ရွက်နိုင်စေရန် တို့ဖြစ်ကြောင်း သိရှိရပါသည်။

   ဝန်ကြီးဌာနများ၏ ဒစ်ဂျစ်တယ်အစိုးရလုပ်ငန်းစဉ် အသွင်ကူးပြောင်းရေးတွင် အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်စေရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်အုပ်ချုပ်မှုစနစ်၊ ဆိုက်ဘာလုံခြုံရေး၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် စတုတ္တ စက်မှုတော်လှန်ရေး Industry 4.0 အတွက် လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားစေရန် Skill and Knowledge များစနစ်တကျ အထောက်အပံ့ပေးသွားနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးဌာနအသီးသီးမှ သင်တန်းသား၊သင်တန်းသူများ အနေနဲ့ ဌာနအတွက်ရော မိမိအတွက်ပါ အကျိုးရှိအောင်သင်တန်းမှာ ဆွေးနွေးပို့ချမဲ့ အကြောင်းအရာတွေကို အပတ်တကုတ် ကြိုးစားလေ့လာ သင်ယူကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများ၏ အိုင်စီတီ ဗဟုသုတများနဲ့ ကျွမ်းကျင်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာအောင် အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသွားခဲ့ပါသည်။

    Digital Innovation and Leadership သင်တန်းသည် သင်တန်းကာလအနေဖြင့် (၁၈-၁၂-၂၀၂၃) မှ (၂၀-၁၂-၂၀၂၃) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ Front-End Web Development with JavaScript နှင့် Windows Server Administration-II သင်တန်းများမှာ ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။