Data Analytics and Power BI သင်တန်း၏ သင်တန်းဖွင့်ပွဲ

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း မှ ဖွင့်လှစ်ပို့ချခဲ့သည့် Data Analytics and Power BI သင်တန်း၏ သင်တန်းဆင်းပွဲကို မတ်လ (၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း (၃၀)ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   အခမ်းအနားတွင် သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး က ယ​နေ့​ခေတ်တွင် ​ဒေတာများကို အ​​ခြေခံကာ မိမိအဖွဲ့အစည်း၏ အ​ခြေအ​နေများကို  တိတိကျကျ သိရှိလာနိုင်ပြီး​ဒေတာများကို အ​ခြေခံ၍ အ​ရေးကြီးသည့် ဆုံဖြတ်ချက်များကို ချမှတ်နိုင်မှသာ ​ကောင်းမွန်သည့် ရလဒ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးရှိ​သော ​​ဒေတာများကို  Power BI tool ကိုအသုံးပြု၍ ခွဲခြမ်းစိပ်ဖြာကာ ​နောက်ဖြစ်လာနိုင်သည့် အ​ခြေအ​နေများ ခန့်မှန်းခြင်း၊ နားလည်ရခက်ခဲသော ​ဒေတာ ပုံစံများကို နားလည်ရလွယ်​သည့် Visual များနှင့် Dashboard ​များဖန်တီးကာ သတင်းအချက်အလက်ဆိုင်ရာ အစီရင်ခံစာများ ​ရေးဆွဲခြင်း၊ ဒေတာလုံခြုံ​ရေး အတွက် လိုက်နာရမည့် အချက်များသတ်မှတ်ခြင်း စသည်တို့ကို နိုင်ငံ့ဝန်ထမ်းများ အားလုံးသိရှိစေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဒစ်ဂျစ်တယ်တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုအဆင့်မြင့်မားသည့် ဝန်ထမ်းများ ဖြစ်လာစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ  ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန်   အထူးလိုအပ်ပါကြောင်း နှင့် ဒစ်ဂျစ်တယ်နည်းပညာသစ်များ အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်း လာနေပြီး ယခုလိုမျိုး သင်တန်းမှ ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ပြောင်းလဲ တိုးတက်လာနေသည့် ဒေတာအချက်အလက်ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိစေရန် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

   ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဒေါ်ခင်မြတ်မိုး၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆိုင်းဒူအောင်၊ တတိယဆုရရှိသော အလုပ်သမားဝန်ကြီးဌာနမှ ဒေါ်နှင်းယုမော်တို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။