Cyber Legal and Policy Framework ရေးဆွဲရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ-၂၅

မြန်မာနိုင်ငံတွင် e-Government နှင့် e-Commerce လုပ်ငန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်သော e-Government, e-Commerce နှင့် Cyber Security နယ်ပယ် များနှင့် သက်ဆိုင်သည့် ဥပဒေနှင့်မူဝါဒများရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် Legal Advisory of Cyber Legal and policy Framework စီမံကိန်း၏ Cyber Law and Policy (ပထမမူကြမ်း) ရေးဆွဲရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၄င်းမှ ကောက်ခံရရှိခဲ့သည့် အချက်အလက်များကို နိုင်ငံတကာ ဥပဒေများ၊ စံချိန်စံညွှန်းများနှင့် နှိုင်းယှဉ်လေ့လာမှု ဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာများကို ပြုစုခဲ့ကာ အဆိုပါအစီရင်ခံစာများအပေါ် ဆွေးနွေးညှိနှိုင်းနိုင်ရန် ယခု အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် ဆွေးနွေးမှုမှ ရရှိလာမည့် အကြံပြုချက်များအပေါ် အခြေခံ၍ Cyber Law and Policy (ပထမမူကြမ်း)အား ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က Cyber Law ရေးဆွဲရေးနှင့် ပတ်သက်၍ ပြုစုထားရှိပြီးဖြစ်သည့် Benchmark Study and Gap Analysis အစီရင်ခံစာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ Telecom Operator များက အကြံပြုညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။