Computer Repair and Maintenance နှင့် Microsoft Office Word 2019 (Online) သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Computer Repair and Maintenance နှင့် Microsoft Office Word 2019 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် e-Learning Center နှင့် Online အသံလုံစာသင်ခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ဒုတိယကျောင်းအုပ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်မျိုးကျော်နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသားစုစုပေါင်း (၅၁)ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ယနေ့ဖွင့်လှစ်သည့် Computer Repair and Maintenance သင်တန်းသည် ကွန်ပျူတာ Hardware ပြုပြင်ထိန်းသိမ်းနည်း၊ ကွန်ပျုတာအခြေခံအသုံးပြုနည်း၊ Windows Installation ပြုလုပ်နည်း တို့ကို စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် Microsoft Office Word (2019) Online သင်တန်းသည် ကွန်ပျူတာအခြေခံအသုံးပြုနည်းများကို သိရှိစေပြီး Myanmar Unicode အသုံးပြု၍ English/ Myanmar နှစ်မျိုးစလုံးဖြင့် ရုံးစာစနစ်တကျ ရေးသားနည်း၊ စာစီစာရိုက်ပြုလုပ်နည်း၊ လက်ကမ်းစာစောင်နှင့် စာအုပ်တည်ဆောက်နည်း၊ ဇယား၊ ပုံ၊ ဂရပ်ဖ် အစရှိသော Microsoft Office Word ၏ Functions နှင့် Features ထည့်သွင်း အသုံးပြုနည်းများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

   ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မိမိတို့ သင်တန်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် လေ့လာဆည်းပူး၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Computer Repair and Maintenance သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး Microsoft Office Word (2019) Online သင်တန်းသည် ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။