Child Online Protection အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ) နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ နေပြည်တော် M Gallery Hotel ၌ ကျင်းပပြုလုပ်သည့် Child Online Protection အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် “ ယနေ့ အချိန်ကာလတွင် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှု ကြောင့် အင်တာနက်အသုံးပြုသူ များပြားလာလျက်ရှိကြောင်း၊ အရွယ်ရောက်ပြီး လူကြီး၊ လူငယ်များ သာမက ကလေးသူငယ်များအကြား၌ပင် အင်တာနက်အသုံးပြုမှုများ တနေ့တခြား တိုးပွားများပြား လျက်ရှိကြောင်း၊ အင်တာနက် အသုံးပြုခြင်းဖြင့် ကလေးသူငယ်များအတွက် တီထွင်ဖန်တီးမှုရှိသည့် ပညာရေးစနစ်ကို လေ့လာနိုင်ရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးရာရောက်သည်မှာ မှန်သော်လည်း အခြားတစ်ဖက်တွင် အင်တာနက်က ကလေးသူငယ်များအတွက် အန္တရာယ်များစွာကို ယူဆောင်လာပါကြောင်း၊ အန္တရာယ်ဆိုရာ၌ ကလေးများနှင့် မသင့်လျော်သော အကြောင်းအရာများ ဖော်ပြ၍ ဆိုက်ဘာ အနိုင်ကျင့်မှုမှသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု၊ အသုံးချမှု၊ ခြိမ်းခြောက်မှုများပါ ပါဝင်ပါကြောင်း၊ ကလေးသူငယ်များ၏ On Line သုံးစွဲမှုများကို အကာအကွယ် ပေးရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကလေးသူငယ်များအပေါ် ကျရောက်နိုင်သည့် အန္တရာယ် များကို ကာကွယ်ပေးရန် လိုအပ်သကဲ့သို့ ၄င်းတို့ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အဟန့်အတား မဖြစ်စေရေး မျှတစွာ စဉ်းစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၇) မှ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူး များ၊  ITU Area for Southeast Asia & Timor-Leste မှ ကိုယ်စားလှယ်ဖြစ်သူ Dr. Syed Ismail ၊ UNICEF EAPRO မှ Child Online Consultant ဖြစ်သူ Ms. Emma Day ၊ Childline Thailand Foundation မှ Executive Director ဖြစ်သူ Mr. Ilya Smirnoff ၊ Sensorise Digital Services Private Limited, India မှ CIO and Management Team Member ဖြစ်သူ Mr. Vijaya Vivek Kamath၊ Mr. Prasun Nigam နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား အင်တာနက် အွန်လိုင်းနည်းပညာများ အသုံးပြု၍ လိင်အလွဲသုံးစား ပြုလုပ်ခြင်းများ (Internet Pornography) အပါအဝင် အခြားစီးပွားရေးလုပ်ငန်းများတွင် မရိုးဖြောင့်သော ရည်ရွယ်ချက်များဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းမှ ကာကွယ်နိုင်ရန်နှင့် အသိပညာပေး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများ အလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ချမှတ် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။