Basic Networking and Responsive Web Design using Bootstrap 5 သင်တန်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Basic Networking Course နှင့် Responsive Web Design using Bootstrap 5 သင်တန်းများဖွင့်ပွဲကို ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၅၃)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။ 
ရှေးဦးစွာ သင်တန်းကျောင်းကျောင်းအုပ်က ပထမသင်တန်းဖြစ်သော Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက် ချိတ်ဆက်ခြင်းနည်းပညာများ သိရှိနိုင်ရန်၊ အင်တာနက် ပရိုတိုကောလ်လိပ်စာများ စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ Local Area Network (LAN) နက်ဝက်ကွန်ရက်များ ချိတ်ဆက်ခြင်းအတွက် လိုအပ်သော အခြေခံ Switching/ Routing နည်းပညာများကို သိရှိနားလည်၍ ရုံးတွင်းနက်ဝက်ချိတ်ဆက်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ စာတွေ့ လက်တွေ့  သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်းနှင့် ဒုတိယသင်တန်းဖြစ်သော Responsive Web Design using Bootstrap 5 သင်တန်းသည် Website စာမျက်နှာများ၏ ဒီဇိုင်းများကို Bootstrap 5 အသုံးပြုပြီး လှပသေသပ်စွာ ရေးသားနိုင်ရန်၊ မတူညီသော device အမျိုးမျိုး၏ Screen Size များအတွက် ကြည့်ရလွယ်ကူသည့် Layout ဒီဇိုင်းပုံစံများ ဖန်တီးနိုင်ရန်နှင့် Responsive Web Design Concept များကို သိရှိနားလည်ပြီး ဌာနအတွက် အသုံးတည့်မည့် Responsive Website တစ်ခု ရေးဆွဲနိုင်စေရန် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ သင်တန်းကျောင်းကျောင်းအုပ်က နိုင်ငံတော်၏ လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် Legal, Infrastructure , Human Resource, Standardization စသည့် အခြေခံလိုအပ်ချက်များ ခိုင်မာအားကောင်းအောင် တည်ဆောက်ဖို့ အရေးကြီးကြောင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီး၏ e-Government လုပ်ငန်းစဉ်များအတွက် ချမှတ်ထားသော မူဝါဒများအတိုင်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကြိုးပမ်းအားထုတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နည်းပညာအခြေပြု ဆောင်ရွက်ရသည့် လုပ်ငန်းများအတွက် အိုင်စီတီနည်းပညာရပ်များကို မဖြစ်မနေ ကြိုးစားသင်ယူတတ်မြောက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ 
ထို့နောက် သင်တန်းကျောင်းကျောင်းအုပ်က သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ ဆွေးနွေးပို့ချမည့် အကြောင်းအရာများကို ကြိုးစားလေ့လာသင်ယူရန်နှင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ပြီး သင်တန်းကို စည်းကမ်းရှိရှိ၊ စနစ်တကျဖြင့် ဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
Basic Networking နှင့် Responsive Web Design using Bootstrap 5 သင်တန်းများ၏ သင်တန်းကာလမှာ (၆.၆.၂၀၂၂) ရက်နေ့မှ (၂၄.၆.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းအား classroom ဖြင့်ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရပါသည်။ 
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။