Basic Networking ၊ PHP နှင့် Microsoft Office Excel သင်တန်းဖွင့်ပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပထမအကြိမ်ဖွင့်လှစ်သော PHP Programming Language သင်တန်း၊ ဒုတိယအကြိမ်ဖွင့်လှစ်သော Microsoft Office Excel 2019 (Online) သင်တန်း၊ တတိယအကြိမ်ဖွင့်လှစ်သော Basic Networking သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၁) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြု ဌာနတာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ သင်တန်းသား (၈၀)ဦးတို့ တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက် ချိတ်ဆက်ခြင်းနည်းပညာများ၊ အင်တာနက် ပရိုတိုကောလ်လိပ်စာများ စနစ်တကျစီမံခန့်ခွဲနိုင်စေရန်၊ Local Area Network (LAN)/ Wide Area Network (WAN) နက်ဝက်ကွန်ရက်များ ချိတ်ဆက်ခြင်းအတွက် လိုအပ်သောအခြေခံ Switching/ Routing နည်းပညာများကို သီအိုရီနှင့်လက်တွေ့ သိရှိနားလည်၍ ရုံးတွင်းနက်ဝက်ချိတ်ဆက်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ Programming သင်တန်းဖြစ်သည့် PHP Programming Language သင်တန်းသည် သင်တန်းကျောင်းမှ အသစ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ ဤသင်တန်းတွင် Dynamic Website ရေးသား ဖန်တီးမှုများ ပြုလုပ်နိုင်စေရန်၊ ဝန်ကြီးဌာနများတွင် လက်ရှိ လွင့်တင်ထားသော Website များကို တာဝန်ယူဆောင်ရွက်နိုင်စေရန်နှင့် ဌာနများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Web Development Project များအတွက် မဖြစ်မနေသိထားသင့်သည့် PHP Programming Language အကြောင်းကို သိရှိနားလည်ပြီး Web Administrator တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း နှင့် Microsoft Office Excel 2019 သင်တန်းသည် Online မှတဆင့် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း Microsoft Office Excel ၏ အခြေခံ အကြောင်းအရာများကို သိရှိနိုင်ပြီး စာရင်းဇယားများ တွက်ချက်ခြင်း၊ စီစစ်ခြင်း၊ Worksheet တစ်ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုခြင်း၊ ဝန်ထမ်းတစ်ဦး၏ အခြေခံအချက်အလက်များ ဖြည့်သွင်း တွက်ချက်ခြင်း၊ အစီရင်ခံစာများ တွင် Chart၊ Graphic ရေးဆွဲခြင်း၊ Workbook၊ Worksheet၊ Cell များကို လုံခြုံစွာ သိမ်းဆည်းနိုင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းများပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ဒီဂျစ်တယ်နည်းပညာခေတ်တွင် ICT သည် လူတိုင်းအတွက် လိုအပ်သည့် အဓိကကျွမ်းကျင်မှုဖြစ်လာပြီး အမြဲတမ်းသင်ယူလေ့လာသွားဖို့ လိုအပ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် ပြည်သူ့ဝန်ထမ်းများပီပီ ပြည်သူကို ပိုမို မြန်ဆန်ထိရောက်စွာ ဝန်ဆောင်မှုများ ပေးနိုင်အောင် ICT နည်းပညာကို မပြတ်ဆည်းပူး၍ e-Government စနစ် အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာသည်အထိ ဝိုင်းဝန်း ကြိုးစားသွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

   Basic Networking ၊ PHP Programming Language နှင့် Microsoft Office Excel 2019 (Online) သင်တန်းများ၏ သင်တန်းကာလမှာ ရက်သတ္တပတ် (၃)ပတ် ကြာဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။