Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၃) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား (၅၂)ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယနေ့ဖွင့်လှစ်သည့် သင်တန်းများသည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းများဖြစ်ကြောင်း၊ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏  အဓိကရည်ရွယ်ချက်မှာ နိုင်ငံ၏ e-Government စနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနအသီးသီးက ပါဝင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် အဓိကကျသည့် နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဌာနအသီးသီးက ဝန်ထမ်းများ ICT နည်းပညာနဲ့ စွမ်းဆောင်ရည်မြှင့်တင်စေရန် သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

   ထို့နောက် Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက်နည်းပညာ၊ အင်တာနက် ပရိုတိုကောလ်လိပ်စာစီမံခန့်ခွဲခြင်း (IP Address Management)၊ LAN/WAN ကွန်ရက်များ ချိတ်ဆက်ခြင်းနှင့် အခြေခံ Switching/Routing နည်းပညာများကို စာတွေ့ လက်တွေ့ လုပ်ဆောင်နိုင်မည်ဖြစ်၍ ရုံးတွင်းနက်ဝက်(LAN) ချိတ်ဆက်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင် စေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ပြီး၊ Responsive Web Design using Bootstrap သင်တန်း သည် Website စာမျက်နှာများ၏ Layout Design များကို Screen size ပေါ်မူတည်၍ လှပသေသပ်သော ဒီဇိုင်းများ ဖန်တီးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မိမိတို့ သင်တန်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် လေ့လာဆည်းပူး၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်းများသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။