ASEANCyberkids Camp (ACC) 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တက်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများမှ တတိယဆုရရှိခြင်း

 

၁။     ASEAN Cyberkids Camp ပြိုင်ပွဲအား အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းရှိ လူငယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများ အချင်းချင်းနှီးနှောဖလှယ်ခြင်းကို မြှင့်တင်စေရန်၊ လူမှုရေး နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အရှိန်အဟုန်မြှင့်တင်ပေးရန်၊ ICT အကြောင်းအရာ ဘာသာရပ်များတွင် ထိုးထွင်းတီထွင်ဖန်တီးမှု၊ အသုံးချတက်မှုတိုးမြှင့်စေရန်နှင့် အာဆီယံ ဒေသများအတွင်းအကျိုးပြုစေမည့် ပေါင်းစပ်ဖန်တီးမှု၏ ကြိုးစားမှုရလဒ်များဖြင့် ဒစ်ဂျစ်တယ် ဆိုင်ရာကွာဟချက်များကို ကျဉ်းမြောင်းစေရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ASEAN Cyberkids Camp 2018 (ACC 2018)  ပြိုင်ပွဲအား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့တွင်  Info - Communication Technology Industry  မှ ကြီးမှူး၍ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲသို့  မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံတို့မှ  ပြိုင်ပွဲဝင် (၂) ဦးနှင့် ကြီးကြပ် အုပ်ချုပ်သူဆရာ/ ဆရာမ (၁) ဦးစီဖြင့် စုစုပေါင်း (၃၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

၂။     အဆိုပါ ACC 2018 ပြိုင်ပွဲသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ဆရာဦးအောင်ခန့်သာ ကြီးကြပ်၍ ဒဂုံမြိုနယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊  ဆဌမတန်းမှ မခန့်အိမ်စည် နှင့် ပဉ္စမတန်းမှ မောင်သန့်စင်တို့မှ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်နိုင်ငံမှလည်းကောင်း၊ ဒုတိယဆုကို အင်ဒိုနီးရှားနိုင်ငံမှလည်းကောင်းနှင့် တတိယဆုကို မြန်မာနိုင်ငံမှလည်းကောင်း အသီးသီးဆွတ်ခူး ရရှိခဲ့ပါသည်။

၃။     သို့ပါ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ASEAN Cyberkids Camp 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မခန့်အိမ်စည် နှင့် မောင်သန့်စင် တို့၏ နိုင်ငံကိုယ်စားပြု တတိယဆု ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြအပ်ပါသည်။