APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲတွင် ဆုရရှိသူများအား အွန်လိုင်းဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ Asia Pacific Telecommunity (APT) ၏ ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲကို ဒီဇင်ဘာ (၁၁) ရက်နေ့တွက် ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၂:၃၀ အချိန်တွင် အွန်လိုင်းဆုချီးမြှင့်ပွဲအဖြစ် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ အဖွင့် ဗွီဒီယိုကို ပြသခဲ့ပါသည်။

၄င်း‌နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ- “မြန်မာနိုင်ငံရဲ့ကျောင်းသားလူငယ်တွေအနေနဲ့ အခုလိုမျိုး Youth Program တွေမှာ တက်တက်ကြွကြွ ပါဝင် ကြတာကိုတွေ့ရတဲ့အတွက် ဝမ်းမြောက်ပါကြောင်း၊ “The Future is in the young people of Today” နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ဝယ်မှာရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ လူငယ်များရဲ့ လေ့လာ အားထုတ်မှု၊ အကြားအမြင် ဗဟုသုတကြွယ်ဝမှု၊ ထူးချွန်ထက်မြက်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ တက်ကြွလှုပ်ရှားမှု များဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ယောက်ျားလေးငယ်များသာမက မိန်းကလေးငယ်များပါ ပါဝင်တာကို တွေ့ရတဲ့အတွက် အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ကိုလည်း ပြသနိုင်တဲ့ အပြင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ (Sustainable Development Goals) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နဲ့အညီ Gender Equality အတွက်လည်း အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်ပါကြောင်း၊ “Innovative Robot Project” ပြိုင်ပွဲ ဖြစ်လာဖို့အတွက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှစတင်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်များ၊ Private University များ၊ သက်ဆိုင်ရာအခြေခံပညာကျောင်းများနှင့် Private ကျောင်းများ ကို ဖိတ်ခေါ်ခဲ့ပြီး “Innovative Junior & Senior Robotic Project” ပြိုင်ပွဲ အမျိုးအစားများ အတွက် New Normal ကို အခြေခံကာ Virtual Online Competition နှင့် Offline (၂)မျိုး ပေါင်းစပ်ပြီး နည်းစနစ်တကျ ပြိုင်ပွဲအဆင့်ဆင့်ကို စီစဉ်ဆောင်ရွက်ထားတာ တွေ့ရှိရလို့ နှစ်ထောင်းအားရ ကျေနပ်မိပါကြောင်း ပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးမှ ပြိုင်ပွဲမှာ Virtual Platform ကို အသုံးပြုပြီး အနိုင်အရှုံးထက် မိမိတို့ရရှိနိုင်မယ့် နည်းပညာတီထွင်ဆန်းသစ်မှုများ၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းလုပ်ဆောင်မှုများ၊ ပညာရပ် ဆိုင်ရာ သိပ္ပံနည်းကျကျ ဝေဖန်ဆန်းစစ်နိုင်မှုများကို ပူးပေါင်းဆောင်ရွက်ဖလှယ်နိုင်ခြင်း ရယူကြရန်နှင့် အဲဒီလို အတွေ့အကြုံ ရယူနိုင်ခဲ့ရင် နိုင်ငံတကာအဆင့် ပြိုင်ပွဲများမှာလည်း ထူးချွန်စွာ အောင်ပန်းဆွတ်ခူး နိုင်မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အေပီတီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားလိုပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။" 

ထို့နောက် Asia Pacific Telecommunity (APT) က Secretary General, Ms. Areewan Haorangsi မှ အမှာစကားပြောကြားခဲ့ပါသည်၊။ ဆက်လက်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေမှ ပြိုင်ပွဲအကြောင်း ရှင်းလင်းပြောကြားပြီး‌နောက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးမင်းဇေယျာလှိုင်မှ အမှာစကား ပြောကြားခဲ့ပါသည်။

ထိုပြိုင်ပွဲကို ကျောင်းသူကျောင်းသားများ၏ နည်းပညာတီထွင်ဆန်းသစ်မှုများ တိုးတက်လာစေရန်၊ ကျောင်းတွင်းအဖွဲ့အစည်း Teamwork လုပ်ဆောင်တတ်လာစေရန်၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံ နည်းပညာများ ဖွံ့ဖြိုးလာစေရန်၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ ဖွံ့ဖြိုးလာစေရန်၊ ဝေဖန်ဆန်းစစ် ခြင်းနှင့် ပူးပေါင်းဆောင်ရွက် ဖလှယ်မှုများအား ပြိုင်ပွဲမှတဆင့် လက်ဆင့်ကမ်းပြန့်ပွားနိုင်ရန် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်ပါသည်။  

ပြိုင်ပွဲများတွင် လူငယ်အလွှာပေါင်းစုံမှ ပါဝင်နိုင်စေရန် အသက် (၁၀) နှစ်မှ (၁၇) နှစ်အထိ လူငယ်များ အတွက် Junior Innovative Robot Project Competition နှင့် အသက် (၁၇) နှစ်မှ (၂၀) နှစ်အထိ လူငယ်များပါဝင်နိုင်သည့် Senior Innovative Robot Project Competition ဟူ၍ ပြိုင်ပွဲနှစ်မျိုး ခွဲခြား ကျင်းပပေးခဲ့ပါသည်။ Junior Innovative Robot Project Competition ပြိုင်ပွဲတွင် ပြည်နယ်တိုင်းများမှ အဖွဲ့(၃)ဖွဲ့ နှင့် Senior Innovative Robot Project Competition ပြိုင်ပွဲတွင် ပြည်နယ်တိုင်းများမှ စုစုပေါင်း အဖွဲ့ ( ၉) ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆုပေးပွဲ မစတင်မီ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်း Videoကို ပြသခဲ့ပါသည်။ ထို့နောက် ဆုများ ပေးအပ် ချီးမြှင့်ရာတွင် -Senior Innovative Robot Project ပြိုင်ပွဲတွင် ပထမဆုကို မောင်ကောင်းမြတ်ကျော်၊ မောင်မြင့်မြတ်အောင်၊ University of Information Technology (UIT)မှ “Portable Storage Management System for Refrigerators using Computer Vision with Convolutional Neural Network” Project ဖြင့် လည်းကောင်း၊ ဒုတိယဆုကို မောင်ဝေလျံကောင်း၊ မောင်လွင်မိုးအောင်၊ Technology University (Hmawbi) မှ “Multi Sensor Vehicle” Project ဖြင့်လည်းကောင်း၊ Performance Award ဆုများကို မောင်ကောင်းနေလင်းခန့်၊ မောင်ကေသဒ္ဒါစိုး ၊ Myanmar Institute of Information Technology (MIIT) မှ “Humidifiers Robot” Project ဖြင့် လည်းကောင်း၊ မောင်အောင်ချမ်းမြေ့၊ မောင်အေးသက်ဇော် ၊ University of Computer Studies, Yangon (UCSY) မှ “Self-Caring Garden” Project ဖြင့် လည်းကောင်း၊ မယဉ်သီရိမွန် ၊ မနှင်းအေးလွင် Info Myanmar University (IMU) မှ “Nursing Robot” Project ဖြင့်လည်းကောင်း၊ ဆုများကို အသီးသီးဆွတ်ခူး ရရှိခဲ့ကြပါသည်။

Junior Innovative Robot Project ပြိုင်ပွဲတွင်ပထမဆုကို မောင်လင်းရန်အောင်၊ မောင်ထွန်းအောင်ကျော်ဦး၊ Brainswork Intergrated School မှ “Automatic Underground Garbage System” Project ဖြင့် လည်းကောင်း၊ ဒုတိယဆုကို မောင်စိုင်းသော်ဇင်ကို၊ မကြယ်စင်နှင်း၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၊ တောင်ငူ မှ “Health Aids Machine (hand sanitizer, mask giver)” Project ဖြင့် လည်းကောင်း၊ Performance Award ဆုကို မောင်မင်းစွမ်းပြည့်၊ မောင်ကောင်းမြတ်ကျော်၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ တောင်ငူ မှ “Car Parking” Project ဖြင့်လည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါသည်။  

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကွန်ပျူတာအသင်း အသီးသီး မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာ တက္ကသိုလ်များမှ ပါမောက္ခများ နှင့် ဆရာ/ဆရာမများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ပြည်နယ်တိုင်း အသီးသီးမှ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများနှင့်လူငယ်ပညာရှင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်း၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှုဌာန၊ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် တို့က ပါဝင်အကဲဖြတ်ပေးခဲ့ပါသည်။

ဆုပေးပွဲအပြီးတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။