“Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ

   အစိုးရအဖွဲ့အစည်းများတွင် အသုံးပြုလျက်ရှိသော ကွန်ပျုတာစနစ်များ၏ သတင်းအချက်အလက်လုံခြုံရေးအပါအဝင် အခြား e-Government စနစ်လုပ်ငန်းများ ဆောင်ရွက် ရာတွင် စနစ်တကျရှိစေရေးအတွက် Microsoft Application များနှင့် cloud နည်းပညာ တို့ကို ဝယ်ယူတပ်ဆင်သည့် ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အနေဖြင့် "Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution" အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Microsoft မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ စက်တင်ဘာလ ၁၉ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) တွင် ကျင်းပခဲ့သည်။

    အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ရာတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် ICT နည်းပညာများ၊ Smart ဖုန်း အသုံးပြုမှုများ၊ အင်တာနက် ချိတ်ဆက် အသုံးပြုမှုများ တိုးတက်လာချိန်တွင် သတင်းအချက်အလက်လုံခြုံရေးသည် ဦးစားပေး အခန်းကဏ္ဍအဖြစ် ပါဝင်လာခဲ့ပါကြောင်း၊ အင်တာနက်အသုံးပြုမှု များပြားလာ ခြင်း၊ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများ ကိုလည်း ရင်ဆိုင်တွေ့ကြုံနေရပြီဖြစ်ပါကြောင်း၊ ယင်းအခက်အခဲ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများမှ တစ်ခုဖြစ်သော လုံခြုံစိတ်ချ ရသည့် အလုပ်အကိုင်ဝန်းကျင်ကောင်း တစ်ရပ်ကို အစိုးရဌာနများရှိ တာဝန်ရှိသူများအတွက် ဖန်တီးပေးခြင်းဖြစ်ပါကြောင်း၊ လုံခြုံစိတ်ချ ရသော Office Productivity Tool များကို အသုံးပြုခြင်းဖြင့် ဌာနတွင်းရှိ သတင်းအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်ပြီး လုပ်ငန်းများကို လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Microsoft တို့က ဂုဏ်ပြု လက်ဆောင်နှင့် အသိအမှတ်ပြုမှတ်တမ်းလွှာတို့ကို အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

   အဆိုပါဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အစိုးရဌာနအသီးသီးမှ တာဝန်ရှိသူများ၊ Microsoft မှ South East Asia New Market ဥက္ကဋ္ဌ Mrs.Sook Hoon Cheah ဦးဆောင်သည့် ပညာရှင်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်းနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံအတွင်း e-Government နှင့် ဒီဂျစ်တယ် အခန်းကဏ္ဍ အတွက် ကောင်းမွန်သော လုပ်ငန်းဆိုင်ရာဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရေးနှင့် ပတ်သက်၍ ခေါင်းစဉ်များအလိုက် ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။