(၄)ကြိမ်မြောက် CLMV နိုင်ငံများအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့်သံတမန်ရေးရာ အလုပ်ရုံဆွေးနွေးပွဲအား အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပ

နေပြည်တော် ဧပြီ ၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ICT for Peace Foundation တို့ ပူးပေါင်းကျင်းပသည့် (၄)ကြိမ်မြောက် CLMV နိုင်ငံများအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့်သံတမန်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ (Fourth Senior Level Workshop on International Cybersecurity Policy and Diplomacy for CLMV Countries) အား ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို  ၂၀၁၆ခုနှစ်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အား ၂၀၁၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် လည်းကောင်း၊ တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီရီရမ်ရိမြို့တွင်လည်းကောင်း အိမ်ရှင်နိုင်ငံများအဖြစ် အသီးသီး လက်ခံကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးကျင်းပခြင်းအားဖြင့် CLMV နိုင်ငံများအကြားတွင် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်မှုများမြှင့်တင်လာနိုင်ပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အတွေ့အကြုံ များနှင့် မူဝါဒများကို သိရှိနားလည်လာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင့် အမျိုးသား ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာ (National Cyber Security Strategy) ပေါက်ထွက်လာရေး အတွက် လိုအပ်ချက်နှင့် အတွေ့အကြုံများကိုလည်း အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မည်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းနှင့်အတူ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းနှင့် ညွှန်ကြားရေးမှူးများ၊ ICT for Peace Foundation မှ President ဖြစ်သူ Dr. Daniel Stauffacher နှင့် Speaker များ၊ CLMV နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် (၄)ဦးစီနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ (၄) ရက်နေ့မှ (၅) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။