၂၀၂၃ ခုနှစ်ပညာသင်နှစ်တွင် တက်ရောက်နေသော ကျောင်းသားများ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ရေးခရီးစဉ် (Sea Training) ဆောင်ရွက်ခြင်း

၉-၁၀-၂၀၂၃ (ရန်ကုန်)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အနေဖြင့် ပင်လယ်ရေကြောင်း သွားလာမှုတွင် ရေကြောင်းဘက်ဆိုင်ရာ ပညာရပ်များကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်က ချမှတ်ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းတွင်ပါရှိသည့်အတိုင်း စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်တွင် လေ့လာဆည်းပူးနိုင်ရန်အတွက်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက်ရောက် ပညာသင်ကြားနေသော သင်္ဘော လိုက်ပါသည့် ဘာသာရပ်ဆိုင်ရာ ကျောင်းသားများအား ရန်ကုန်-ကိုကိုးကျွန်း-ဟိုင်းကြီးကျွန်း-ရန်ကုန် ပင်လယ်ပြင် လက်တွေ့ခရီးစဉ် (Sea Training) ကို တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ချင်းတွင်း) ဖြင့် ၄-၁၀-၂၀၂၃ ရက်မှ ၉-၁၀-၂၀၂၃ ရက်အထိ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။

ပင်လယ်ပြင် လက်တွေ့ခရီးစဉ်ကို ၄-၁၀-၂၀၂၃ ရက် ညနေတွင် သီလဝါဆိပ်ကမ်း (Myanmar International Terminals Thilawa တံတားအနီး)မှ ထွက်ခွာခဲ့ရာ ၅-၁၀-၂၀၂၃ ရက်၊ ညနေပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိပြီး ညအိပ်ရပ်နားခဲ့ပါသည်။ ၆-၁၀-၂၀၂၃ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်မှ ကြီးကြပ်သူများနှင့် ကျောင်းသားများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာမှူး၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ် ဒုတိယဌာနချုပ်မှူး၊ အမှတ်(၂၈) ရေတပ် အခြေစိုက်စခန်းမှူး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများက ဘင်ခရာ၊ အိုးစည် ဗုံမောင်းများ တီးမှုတ်ပြီး အောင်သပြေပန်းများ ကမ်းလှမ်း၍ ကြိုဆိုခဲ့ကြပါသည်။ ထို့နောက်  မြို့တော်ခန်းမ၌ ကျောင်းသားများအား တာဝန်ရှိသူများက ကိုကိုးကျွန်းနှင့်ပတ်သက်သည့် အကြောင်းအရာ အချက် အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြပါသည်။

အဆိုပါနေ့ ညနေတွင် ကိုကိုကျွန်းမှ ပြန်လည်ထွက်ခွာခဲ့ရာ ၇-၁၀-၂၀၂၃ ရက် နံနက်တွင် ဟိုင်းကြီးကျွန်းသို့ ရောက်ရှိခဲ့ပြီး ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ခန်းမတွင် ဌာနချုပ်မှူးက ကျောင်းသားများအား ဟိုင်းကြီးကျွန်းနှင့် ပတ်သက်သည့် ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ကြီးကြပ်သူနှင့် ကျောင်းသားများသည် မော်တင်စွန်းဘုရားသို့ သွားရောက် ဖူးမြော်ခဲ့ကြပြီး  ညနေပိုင်းတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူးက ကျောင်းသားများအား ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

၈-၁၀-၂၀၂၃ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသည် စစ်ရေယာဉ် (ချင်းတွင်း) ပေါ်တွင် Life Boat, Anchor များနှင့်သက်ဆိုင်သော လေ့လာ မှုများ၊ အင်ဂျင်ပိုင်းဆိုင်ရာ လေ့လာသင်ကြားမှုများ ဆောင်ရွက်၍ ညနေပိုင်းတွင် ဟိုင်းကြီးကျွန်းမှ ပြန်လည်ထွက်ခွာခဲ့ရာ ၉-၁၀-၂၀၂၃ ရက် နေ့လယ်ပိုင်းတွင် သီလဝါဆိပ်ခံတံတားသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူး (သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများနှင့် အရာထမ်း / အမှုထမ်းများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။

အဆိုပါခရီးစဉ်တွင် ရေကြောင်းသိပ္ပံ အထူးပြုဘာသာရပ် (Nautical Science)မှ ဒုတိယနှစ် ကျောင်းသား (၄၉)ဦး၊  တတိယနှစ် ကျောင်းသား (၅၈)ဦး၊ ရေကြောင်းအင်ဂျင်နီယာ အထူးပြုဘာသာရပ် (Marine Engineering)မှ ဒုတိယနှစ် ကျောင်းသား (၄၄)ဦး၊ တတိယနှစ် ကျောင်းသား (၂၀)ဦး၊ ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာ အထူးပြုဘာသာရပ် (MESE)မှ ဒုတိယနှစ် ကျောင်းသား (၃)ဦး၊ ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာပညာ ဘာသာရပ် (Naval Architecture) မှ တတိယနှစ် ကျောင်းသား (၁)ဦး၊ စတုတ္ထနှစ် ကျောင်းသား (၁)ဦး၊ ရေကြောင်းစက်မှု အင်ဂျင်နီယာပညာဘာသာရပ် (Marine Mechanical)မှ တတိယနှစ် ကျောင်းသား (၈)ဦး၊ စတုတ္ထနှစ် ကျောင်းသား (၂)ဦး၊ စုစုပေါင်းကျောင်းသား (၂၁၃)ဦးနှင့် ကြီးကြပ်သူ (၈)ဦးတို့ လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများအနေဖြင့် ပင်လယ်ပြင်လက်တွေ့ခရီးစဉ် (Sea Training)တွင် Daily Routine Work, Seamanship, Coastal Navigation, Cargo Work, ပင်မအင်ဂျင်များ၊ မီးစက်များ၊ ပန့်/မော်တာများ၊ အီလက်ထရောနစ်ပစ္စည်းများအား လက်တွေ့ ကိုင်တွယ်မောင်းနှင် လေ့ကျင့်သင်ကြားနိုင်ခဲ့ခြင်းကြောင့် ရေကြောင်းပညာရပ်များကို စာတွေ့ရော လက်တွေ့ပါ ပိုမိုနားလည်သဘောပေါက်စေသည့် အကျိုးကျေးဇူးများရရှိစေခဲ့ကြောင်း သတင်းရရှိပါသည်။