(၁၉) ကြိမ်မြောက် East Asia Forum အား Virtual စနစ်ဖြင့်ကျင်းပ

       ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့သော 19th East Asia Forum သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာန၊ ဒေါ်နွယ်နီစိုးရင်၊ ညွှန်ကြားရေးမှူးမှ တက်ရောက်ခဲ့ပါသည်။

     ကိုရီးယားသမ္မတနိုင်ငံမှ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံနိုင်ငံများအပါအဝင် ကိုရီးယား၊ ဂျပန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြပါ သည်။ အဆိုပါ ဖိုရမ်ကို ဆွေးနွေးပွဲအစီအစဉ် (၃) ခုဖြင့် ကျင်းပပြီး အစီအစဉ်၂ တွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်း အချက်အလက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က “The Digital Transformation in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ မကြာသေးမီနှစ်များအတွင်း အလျင် အမြန် ပြောင်းလဲလာခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်လျက် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များသို့ ရောက်ရှိအောင်မြင် စေရန် ရည်ရွယ်၍ 12-point Economic Policy ကို ၂၀၁၆ ခုနှစ်တွင် ချမှတ်ခဲ့ပါကြောင်း၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး (Digital Transformation)၊ ဒီဂျစ်တယ်ကုန်သွယ်မှု (Digital Trade) နှင့် ဒီဂျစ်တယ်စီးပွားရေး (Digital Economy) တို့ အောင်မြင်စွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ Digital Economy Development Committee (DEDC) ကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးသို့ အသွင်ကူးပြောင်းမှုဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဥပဒေ၊မူဝါဒများဖြင့် ထိမ်းကျောင်းနိုင်ရန်အတွက် Myanmar Digital Economy Development Master Plan ကို မူကြမ်းရေးဆွဲလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     ထို့နောက် COVID-19 ကပ်ရောဂါ၏ စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများမှ ပြန်လည် နလန်ထူနိုင်ရန် အရေးကြီးသည့်အလျောက် ဒီဂျစ်တယ်စီးပွားရေးကို အားပေးမြှင့်တင်ရန်နှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်နိုင်ရန် မူဝါဒရေးဆွဲချမှတ်သူများ (Policymakers) အတွက် COVID-19 ကပ်ရောဂါသည် တွန်းအားတစ်ခု ဖြစ်လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများကို ကျော်လွှားနိုင်ရန် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်တွင် ပြည်သူတိုင်း သာမန်အသိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ၊ ထူခြားသည့် အခြေအနေအရ ဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာ  အစီအမံများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ မြန်မာ့စီးပွားရေးမူဝါဒ (၁၂) ရပ်နှင့်အညီ Myanmar e-Governance Master Plan (2016-2020) ကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် Myanmar digital government စနစ်အား ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် e-Governance Master Plan (2022-2030) ကို မူကြမ်းရေးဆွဲလျက်ရှိပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းသုံးစွဲမှုရာခိုင်နှုန်းသည် မကြာသေးမီကာလများအတွင်း ၃ % မှ ၁၂၄ % အထိ တိုးတက်လာခဲ့ပါကြောင်း၊ အွန်လိုင်းမှ ဆောင်ရွက်ရန် စမတ်ဖုန်းများကို နေရာတိုင်း၊ လူတိုင်းအသုံးပြုလျက် ရှိပါကြောင်း၊ မြန်မာပြည်သူ သန်းပေါင်းများစွာသည် စီးပွားရေးလုပ်ငန်းများအတွက် အခွင့် အလမ်းကောင်းများကို ပိုမိုဖန်တီးနိုင်ရန် Social media platform ကို ရယူအသုံးပြုလျက်ရှိပါကြောင်း၊ တချိန်တည်းမှာပင် COVID 19 ကပ်ရောဂါကာလအတွင်း အီလက်ထရောနစ် ငွေပေးချေမှုပုံစံအသစ်များ၊ e-Government နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာမှုများသည် ပို၍ပို၍ သိသာထင်ရှားလာခဲ့ပါကြောင်း၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် ရုတ်ချည်း တိုးတက်လာခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းနှင့်အတူ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးဆီသို့ လျှောက်လှမ်းရာတွင် နိုင်ငံ၏ အဆင်သင့်ဖြစ်မှုကို တိုးတက်လာစေရေး ကြိုးစားဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံရမည့် စိန်ခေါ်မှုများကိုလည်း ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စမတ်ဖုန်းနှင့် အင်တာနက် အသုံးပြုမှုများသည် လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ဝေးလံခေါင်ဖျားဒေသများအတွက် IT အခြေခံ အဆောက်အဦများလုံလောက်မှုမရှိဘဲ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် မဟာဗျူဟာမြောက်ချဉ်းကပ်မှု နည်းလမ်းများ အားနည်းလျက်ရှိနေသေးပါကြောင်း၊ အွန်လိုင်းဝန်ဆောင်မှုများ၊ ဆိုက်ဘာလုံခြုံရေး၊ Digital capabilities နှင့် Digital literacy ကို ပိုမိုအားကောင်းလာစေရန် ထောက်ပံ့ပေးသည့် အစီအစဉ်များ အလျင်အမြန် လိုအပ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် လက်ရှိတွေ့ကြုံနေရသည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် လိုအပ်သော ဥပဒေနှင့် မူဝါဒများကို e-Government, e-Commerce နှင့် Cyber Security စသည့် အဓိကနယ်ပယ် (၃) ခုအတွက် ရေးဆွဲဆောင်ရွက်လျှက်ရှိပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရန် လုပ်သာကိုင်သာရှိသည့် ဝန်းကျင်ကောင်း တစ်ခုကို ဖန်တီးပေးလိမ့်မည်ဖြစ်ပါကြောင်းနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစဉ်ကို အထောက်အပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံသည် တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီးဖြစ်သောကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဦးစားပေးဆောင်ရွက်ခဲ့ကာ ကပ်ရောဂါကာလအလွန် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို ပိုမိုမြန်ဆန်လာစေရန် ဒီဂျစ်တယ်တီထွင် ဆန်းသစ်မှုများကို အသုံးပြုဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသတွင်းတွင် ကြုံတွေ့နေရသည့် Covid-19 ကပ်ရောဂါဆိုးမှ ကျော်လွှားနိုင်ရန် အတွက် ဆက်လက်ပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

 ဖိုရမ်အား မြန်မာစံတော်ချိန် နေ့လယ် ၁၂:၃၀ ခန့်တွင် ရုတ်သိမ်းခဲ့ပါသည်။