၁၄၅ နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

       

      ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၉)ရက်တွင် ကျရောက်သော (၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် (၄၈) ကြိမ်မြောက် အသက် (၁၅)နှစ်နှင့် အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်တွင်) ထူးချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် မြန်မာ့ စာတိုက်လုပ်ငန်းမှ သမားရိုးကျဝန်ဆောင်မှုမဟုတ်ဘဲ အထူးဝန်ဆောင်မှုအနေဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
        အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနား နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက် သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
      ယင်းနောက်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ ဒုတိယ ဝန်ကြီးဦးသာဦး၊ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်းတို့က (၄၈)ကြိမ်မြောက် အသက် (၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)တွင် ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ပြီး မြန်မာ့စာတိုက်လုပ်ငန်းမှ သမားရိုးကျဝန်ဆောင်မှုမဟုတ်ဘဲ အထူးဝန်ဆောင်မှု အနေဖြင့် ဆောင်ရွက်ခဲ့သောလုပ်ငန်းများအပေါ် ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။
   (၄၈)ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစားရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)ဆုရရှိသူများကိုယ်စား ပထမဆုရှင်မရွှန်းလဲ့ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
        အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဆုရရှိသည့်တာဝန်ခံများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး (၁၄၅)နှစ် မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် ပြကွက်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။