အာဆီယံ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးသာဦးတက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးသည် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်၍ ASEAN ICT Master Plan 2025 ပြုစုရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒစ်ဂျစ်တယ် အချက်အလက်များ ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ဒစ်ဂျစ်တယ် လူမှုစီပွားရေးလုပ်ငန်း များတွင် ပုဂ္ဂလိကနှင့်အစိုးရ အဖွဲ့အစည်းများ ပိုမိုပူးပေါင်း ပါဝင်လာနိုင် စေရေးအတွက် ထိရောက်သော ဒစ်ဂျစ်တယ် အီကိုစနစ်တစ်ခု ပေါ်ပေါက် လာစေရေးနှင့် အခြားသောကဏ္ဍများတွင် ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုမှု ပိုမိုတွင်ကျယ် လာစေရေးအတွက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများက ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက် သွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်၍ ဆွေးနွေးပြောကြား ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသည် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ ဝန်ကြီးများ၏ ပထမဆုံးအကြိမ် အလွတ်သဘော ဆွေးနွေးပွဲဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ၂၀၁၉ ခုနှစ် မတ်လ (၂၈) ရက်မှ (၂၉) ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စတုတ္တမြောက် စက်မှုနည်းပညာ တော်လှန်ရေးနှင့် ကဏ္ဍပေါင်းစုံညှိနှိုင်းဆောင်ရွက်ရေးအတွက် ထိရောက်သော နည်းလမ်းနှင့် အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရေး အာစီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community) နှင့် ဆွေးနွေး ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်ပေးမည့် အာဆီယံ ဒစ်ဂျစ်တယ် စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုနှင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်  “ASEAN Public Private Forum on Digital Economy” တို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့်  “ASEAN Smart Cities Conference and Exhibition” နှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်
၎င်းအပြင် ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များသည် နယ်မြေ ကဏ္ဍ စည်းခြားမှု မရှိသည့်အတွက်  နိုင်ငံအသီးသီးအလိုက် သော်လည်းကောင်း ဒေသတွင်းအနေဖြင့် သော်လည်းကောင်း သက်ဆိုင်သော ကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်မှု  ကောင်းမွန်စွာ ဆောင်ရွက် သွားနိုင်ရေး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး၊ ယနေ့အလွတ် သဘော ဆွေးနွေးမှုများအပေါ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက် သွားရမည့် လုပ်ငန်းကိစ္စရပ် များကို လမ်းညွှန် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။