အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင် တက်ရောက်ခဲ့

 

အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင် တက်ရောက်ခဲ့

နေပြည်တော်၊ အောက်တိုဘာလ

       

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၃)ရက်နေ့အထိ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၁၆) ကြိမ်မြောက် အာဆီယံ- တရုတ် ပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး၊ (၁၅)ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး နှင့် (၈)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးတို့သို့ တက်ရောက် ခဲ့ပါသည်။

         

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ ပို့ဆောင်ရေးဝန်ကြီး/ ဒုတိယဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ပါသည်။

 

အစည်းအဝေးများတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု၊ အာဆီယံ မဟာဗျူဟာ ပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း (ASEAN Transport Strategic Plan 2016-2025) အကောင်အထည်ဖော်မှု၊ အာဆီယံပေါင်းစည်းဆက်သွယ်ရေးပင်မစီမံကိန်း (Master Plan on ASEAN Connectivity) အကောင်အထည်ဖော်မှု၊ အာဆီယံလေကြောင်း ပို့ဆောင်ရေးဝန်ဆောင်မှု များဖြေလျှော့မှု၊ အာဆီယံ၏ တစ်ခုတည်းသော လေကြောင်းဈေးကွက်နှင့် ရေကြောင်းစျေးကွက် ဖော်ဆောင်မှု၊ စင်ကာပူ- ကူမင်း ရထားလမ်းစီမံကိန်းအကောင်အထည်ဖော်မှု၊ အာဆီယံအဝေးပြေး လမ်း ကွန်ယက်တည်ဆောက်မှု၊ အာဆီယံပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်များ အကောင်အထည်ဖော်နိုင်မှု၊ အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြင့် ပို့ဆောင်ရေး ပူးပေါင်းဆောင် ရွက်မှုများကို ဆွေးနွေးသုံးသပ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

ထို့အပြင် Protocol 3 on Domestic code share rights between points within the territory of any other ASEAN Member States နှင့် Protocol to Implement the 10th Package of Commitments on Air Transport under AFAS တို့အား မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ပို့ဆောင်ရေးနည်းလမ်းအသီးသီး၏ ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခဲ့ကြ ပါသည်။

နောင်လာမည့် (၂၄) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာလ (၁၄) ရက်နေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။