အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီများနှင့် ပဉ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဇန်နဝါရီ ၃၀

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ ပါ အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်မှုအခြေအနေကို ဆွေးနွေးနိုင်ရေးအတွက် အာဆီယံဒေသတွင်း ထုတ်လုပ်မှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးလုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီများနှင့် ပဉ္စမအကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

            အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အေအီးစီ ၂၀၂၅ ကို ဖော်ဆောင်ရန် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့၏ နှစ်အလိုက်ဦးစားပေး အကောင်အထည်ဖော်ရမည့် Measure များ နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။

            အဆိုပါ အစည်းအဝေးသို့ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ဒုတိယဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက လုပ်ငန်းကော်မတီမှ ဆောင်ရွက်ရန်ရှိသော Measure များ အကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းကော်မတီ၏အတွင်းရေးမှူးဖြစ်သူ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာန၊ ညွှန်ကြားရေးမှူးဒေါ်နွယ်နီစိုးရင်က ASEAN Coordinating Committee on Electronic Commerce(ACCEC) အစီအစဉ်အရ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။