အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၁၄

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ  (National Road Safety Council- NRSC) ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က  ယနေ့ကျင်းပသည့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီကို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင်  ဒုတိယအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို National Road Safety Action Plan (2021-2030)နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ယခင် NRSC များ၏ လုပ်ဆောင်ခဲ့မှုများအပေါ်တွင် ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက် အောင်မြင်စေမည့် ရှေ့လုပ်ငန်းစဉ်များ၊ အစီအမံများကို ဖော်ဆောင်နိုင်ရန်၊ ၂၀၃၀ ပြည့်နှစ်တွင်  ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်း ကျဆင်းလာစေရေးဆိုသည့် အဓိက ရည်မှန်းချက်ကို မျက်ခြေမပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များနှင့် ခေါ်ယူကျင်းပရခြင်း ဖြစ်ကြောင်း။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) သည် ကမ္ဘာလုံး ဆိုင်ရာ အလွန်ကြီးမားသည့်  ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်း ကြီးထွားလာနေသည်ကို မိမိတို့  နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိနေရကြောင်း။ ထို့ပြင် ဟန့်တားထိန်းချုပ်နိုင်ရန် အတွက် ကမ္ဘာတစ်ဝှမ်းလုံးတွင်  Road Safety ကိစ္စကို အထူးအလေးအနက်ထားပြီး ဆောင်ရွက်လာကြရာ ယခုဆိုရင် ဒုတိယဆယ်စုနှစ်ထဲကို ရောက်လာခဲ့ပြီ ဖြစ်ကြောင်း။ WHO က ပြုစုထုတ်ပြန် ဖြန့်ဝေလျက်ရှိသည့် Global Status Report on Road Safety(2018) အစီရင်ခံစာအရ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် Road Accident ကြောင့် နှစ်စဉ်ပျမ်းမျှ လူ(၁ ဒသမ ၃)သန်းခန့် အသက်ဆုံးရှုံးနေကြရပြီး လူဦးရေ သန်း(၅၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိနေကြကြောင်း၊  ၂၀၁၈ ခုနှစ်အတွင်း လူ (၁ ဒသမ ၃၅) သန်းအထိ အသက်ဆုံးရှုံးခဲ့ရပြီး တစ်နှစ်ထက်တစ်နှစ် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း လျော့ကျမသွားဘဲ ပိုပြီးတိုးလာနေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် လူများ သေဆုံးရသည့် အဓိက အကြောင်းရင်း (Cause of Death) များထဲတွင်  Road Accident ကြောင့် သေဆုံးရခြင်းသည် ပထမ ဆယ်စုနှစ်တာ ကာလတွင် အဆင့်(၈) နေရာတွင် ရှိခဲ့ပြီး ဒုတိယဆယ်စုနှစ်တာ ကာလဖြစ်သည့်  ၂၀၂၀ပြည့် အလွန်နှစ်များတွင် အဆင့်(၃)နေရာသို့ ရောက်ရှိလာနိုင်ကြောင်း သုံးသပ်တွေ့ရှိရကြောင်း။

Road Accident ကြောင့် နိုင်ငံအများစုတွင်  နှစ်စဉ် GDP ၏ ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းထိ ဆုံးရှုံးနေရကြောင်း၊ ယခုလို  ထိခိုက်ဆုံးရှုံး နစ်နာမှုများကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အများဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ အနေဖြင့်  အချိန်နှင့် အမျှ ယာဉ်အသုံးပြုမှု ပိုမိုတိုးတက် များပြားလာသော်လည်း တစ်ဖက်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အစီအမံများကို လုံလောက် ပြည့်စုံအောင် အချိန်မီ ဆောင်ရွက်ကြရန် ပျက်ကွက်ခဲ့ကြသည့်အတွက် ယခုလို ထိခိုက်ဆုံးရှုံးမှုများ များပြားနေရခြင်း ဖြစ်ကြောင်း။

ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည် ဖော်ရာတွင်  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ချမှတ်ထားသည့်  မဏ္ဍိုင်ကြီး (၅)ရပ်နှင့်အညီ ဖော်ဆောင်စေလျက်ရှိကြောင်း၊ လက်ရှိတွင် မဏ္ဍိုင်ကြီး(၅)ရပ် အပြင် ဒုတိယဆယ်စုနှစ်တာ ကာလအတွက် Global Plan ကို ရေးဆွဲခဲ့ကြပြီး12 Voluntary Targets (၁၂)ချက်ကို ချမှတ်ကာ ယာဉ်/လမ်း အန္တရာယ်ကြောင့် လူသေဆုံးမှုများကို ၂၀၃၀ ပြည့်နှစ်တွင် ထက်ဝက်လျှော့ချနိုင်ရန် ရည်မှန်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကအားဖြင့် ပြည်သူအားလုံး၏ လိုက်နာပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ တစ်ဖက်ကလည်း မိမိတို့၏ NRSC ၏ မူဝါဒ၊ အစီအမံများ ခိုင်မာစွာ ချမှတ်ပေးနိုင်မှု၊ လုပ်ငန်းစဉ် တစ်ရပ်လုံးအပေါ်တွင် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဦးဆောင်နိုင်မှု၊ အသိပညာပေးမှု၊ စစ်ဆေးကြပ်မတ်မှုနှင့် အရေးယူမှုများ ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်မှု များသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း။  

NRSC က လစဉ် ပြုစုထုတ်‌ပြန်သည့်  ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်း အချက်အလက်များ၊ နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ် ကစပြီး ယာဉ်တိုက်မှု၊ ဒဏ်ရာရ၊ သေဆုံးမှု စာရင်းများကို လေ့လာကြည့်မည်ဆိုရင် တောက်လျောက် လျော့နည်း ကျဆင်းလာသည်ကို တွေ့မြင်ကြရမည်ဖြစ်သော်လည်း လက်ရှိ ၂၀၂၃ ခုနှစ်တွင် လတစ်လချင်း အလိုက် အနည်းငယ် ပြန်လည် မြင့်တက်လာသည်ကို သုံးသပ် တွေ့ရှိရကြောင်း၊ ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အသွားအလာ ကန့်သတ်မှုများကြောင့် လျော့နည်း ကျဆင်းခဲ့သော်လည်း ယခု လက်ရှိတွင် အတက်ဘက်သို့ ပြန်လည် ဦးတည်လာသည်ကို သတိပြုကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာကြရန်၊ ဆပ်ကော်မတီ အသီးသီးနှင့် ဒေသဆိုင်ရာ ကောင်စီများ အနေဖြင့် NRSC က ချမှတ်ထားသည့် Quick Win အစီအမံများ၊ Action Plan ပါ လုပ်ငန်းစဉ်များကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန်  တိုက်တွန်း ပြောကြားလိုကြောင်း။

နိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များကို ၂၀၂၂ ခုနှစ်၊ NRSC၏ နှစ်ချုပ် အစီရင်ခံစာအရ ခွဲခြမ်း စိတ်ဖြာကြည့်သည့်အခါ လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုက (၉၄ ရာခိုင်နှုန်း) ခန့် ပါဝင်သော်လည်း တစ်ဖက်က ပတ်ဝန်းကျင်အနေအထား၊ လမ်း တည်ဆောက်ပုံ အနေအထား၊ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်းများကလည်း ကဏ္ဍတစ်ခု အဖြစ် ဆက်စပ်ပါဝင်နေကြောင်း၊ လမ်းတစ်ခုကို စတင် တည်ဆောက်ချိန်ကတည်းက Road Safety အတွက် ထည့်သွင်းစဉ်းစားခြင်း၊ လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် တပ်ဆင်ခြင်းနှင့် တည်ဆောက်မှု ပုံစံဒီဇိုင်းကို စနစ်တကျ သုံးသပ် တွက်ချက် တည်ဆောက်ခြင်းများ စနစ်တကျ ဆောင်ရွက်ကြရန်လည်း မှာကြား လိုကြောင်း။

လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ပြည့်စုံမှန်ကန်ရေးသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတွင် အလွန်အရေးပါသည့် လိုအပ်ချက်တစ်ရပ် ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး၊ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြီးကြပ် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်မှာကြားချက်နှင့်အညီ ဗဟို ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း။

ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့်  ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များက အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် နှစ်ပတ်တစ်ကြိမ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အစီရင်ခံစာများကို ပြုစုတင်ပြလျက် ရှိကြောင်း၊ မိမိတို့၏ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကြောင့်  ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ ၆ လတွင်  ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း (၂,၄၃၁) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း (၁၇,၄၁၄) ခု၊ အလျားလိုက်မျဉ်းအမှတ်အသား (၁,၁၄၁ မိုင်)၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား (၅၈၆) ခု၊ အခြားလမ်း အမှတ်အသား (၆,၉၆၄)ခုနှင့် အချက်ပြ (၅၅၃)ခု ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း၊ ထပ်မံ ဆောင်ရွက်မှုများအနေဖြင့် လမ်းညွှန်း (၁၃,၀၀၂) ခု၊ အလျားလိုက်မျဉ်းအမှတ်အသား (၈၄၄ မိုင်)၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား (၆၉၅)ခု၊ အခြားလမ်းအမှတ်အသား (၃,၇၉၉) ခုနှင့် အချက်ပြ (၁၃၈) ခု ထပ်မံ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေးအတွက်  ညွှန်ကြားချက်နှင့်အညီ ပြည့်စုံမှန်ကန် ကိုက်ညီမှုရှိစေရေး လုပ်ငန်းစဉ်သည် နိုင်ငံတော်အကြီးအကဲ၏  လမ်းညွှန်ချက်ဖြစ်သည့်အတွက် သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များ၊ ဒေသကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အထူးအလေးထား ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာ ရန်ပုံငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ခွင့်ပြုထားပြီး ဖြစ်သည့်အတွက် မိမိတို့ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ ပြည့်စုံမှန်ကန်စွာ အချိန်မီပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့်  ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့က  အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက် National Road Safety Action Plan (2021-2023)ပါ ရည်ရွယ်ချက်၊ ရည်မှန်းချက် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြသည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦး က ၂၀၂၂ ခုနှစ်၊ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ နှစ်ချုပ် အစီရင်ခံစာနှင့် Global Plan  ရည်မှန်းချက် (၁၂) ရပ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အကြောင်းအရာများကို အနှစ်ချုပ် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေး အရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေး ဆပ်မကော်မတီတို့မှ အတွင်းရေးမှူးများက  ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက NRSC အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊  National Road Safety Action Plan (2021-2023) နှင့်  Quick Win  အစီအမံ (၅) ရပ်အပေါ် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။  

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍  ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှု၊  စနစ်တကျ စောင့်ကြည့်မှု၊ အရေးယူ ဆောင်ရွက်မှု၊ ပြည်သူများအား အသိပညာပေးမှု၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှု၊ ယာဉ်အန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်ရမည့်အချက်များအား ပြည်သူများသိရှိနိုင်ရေး အသိပညာပေး ဆောင်ရွက်ထားရှိမှု၊ လမ်းညွှန်အမှတ်သားများနှင့် အချက်ပြစနစ်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှု ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ရှင်းလင်း ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။