အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ပဉ္စမအကြိမ်အစည်းအဝေးကျင်းပခြင်း

 

နေပြည်တော် ဧပြီ  ၈

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council – NRSC) ၏ ပဥ္စမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ၊ ဆပ်ကော်မတီ အတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (NRSC) အစည်းအဝေးများကို ၂၀၁၆ ခုနှစ် NRSC စတင်ဖွဲ့စည်းပြီးကတည်းက ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၅)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်း ကျဆင်းစေရန်၊ ၂၀၂၀ပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှုအခြေခံနှစ်ဖြစ်သည့် ၂၀၁၃ခုနှစ်သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်း ကျဆင်းလာစေရေးဆိုသည့် အဓိကရည်မှန်းချက်ကို မျက်ခြေမပြတ်စေရန်၊ Road Safety Action Plan (2014-2020) နှင့်အညီ အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် NRSC အစည်းအဝေးများတွင် တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ကြပြီး ကြိုးစားဆောင်ရွက်လာခဲ့ကြသည်မှာ ယခုဆိုလျှင် Action Plan ၏ နောက်ဆုံးနှစ် ဖြစ်သည့် ၂၀၂၀ပြည့်နှစ်ကို နီးကပ်လာနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်သည့်ကာလအတွင်း မည်သို့ ကြိုးပမ်းဆောင်ရွက် သွားကြမည်ကို ဝိုင်းဝန်းသုံးသပ် အဖြေရှာနိုင်ရန် ယနေ့အစည်း အဝေးကို ခေါ်ယူခြင်း ဖြစ်ပါကြောင်း။

မကြာမီက ထုတ်ပြန်ခဲ့သည့် Global Status Report on Road Safety 2018 အစီရင်ခံစာအရ ယနေ့အိမ်နီးချင်း အာဆီယံနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးတွင် ယာဉ်တိုက်မှုကြောင့် သေကြေ၊ ဒဏ်ရာရ၊ ဆုံးရှုံးပျက်စီးမှုများသည် ဆက်လက် မြင့်တက်နေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီနိုင်ရန် အလှမ်းကွာနေသေးသည့် အနေအထားကို လေ့လာတွေ့ရှိရပါကြောင်း၊ NRSC ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် အရေးပါပြီး ပြည်သူလူထု၏ အသက်အန္တရာယ်လုံခြုံမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် အထူးအရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် အတွက် 2020 Target များကို ပြည့်မီအောင် ကျန်သည့်အချိန်ကာလအတွင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အထူးအားထုတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

NRSC ၏ (၃)နှစ်တာခြေလှမ်းများကို ပြန်လည်သုံးသပ်ရာတွင် အထောက်အကူဖြစ်စေမည့် NRSC ၂၀၁၈ခုနှစ် နှစ်ချုပ်အစီရင်ခံစာကို စီမံခန့်ခွဲရေး ဆပ်ကော်မတီက ပြည့်ပြည့်စုံစုံ ပြုစု ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ယင်းနှစ်ချုပ် အစီရင်ခံစာကို လေ့လာကြည့်ပါက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေကြသည့် ဆပ်ကော်မတီများ၊ တိုင်းဒေသကြီး/ပြည်နယ် RSCများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် မည်သည့်ကဏ္ဍများတွင် အားနည်းချက်၊ လစ်ဟာချက်များ ရှိနေသည်၊ မိမိတိုင်းဒေသကြီး၊ ပြည်နယ်သည် မည်သည့် အဆင့်အထိ ရောက်နေသည်၊ မည်သည့်အချက်များကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဆိုသည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို ဖိဖိစီးစီး ကြိုးပမ်းဖော်ဆောင်ကြခြင်းအားဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

မော်တော်ယာဉ် အမျိုးအစားအလိုက် ယာဉ်တိုက်မှုနှုန်းကို လေ့လာကြည့်ပါက ၂၀၁၈ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မော်တော်ဆိုင်ကယ်ယာဉ် မတော်တဆနှုန်းသည် ၄၉ ရာခိုင်နှုန်းရှိပြီး ၂၃၇၆ဦး သေဆုံး၊ ၁၂၉၈၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ကို လေ့လာ တွေ့ရှိရပါကြောင်း။

ယာဉ်တိုက်မှုဖြစ်စဉ်ထက်ဝက်ခန့်သည် မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားနေသည်ကို သတိမူပြီး ပြီးခဲ့သည့် စတုတ္ထအကြိမ် NRSC အစည်းအဝေးတွင် မော်တော်ဆိုင်ကယ် တိုက်ခိုက်မှု၊ သေဆုံး၊ ဒဏ်ရာရမှု လျှော့ချရေးအတွက် မော်တော်ဆိုင်ကယ် ဦးထုပ်အရည်အသွေး စံချိန်စံညွှန်းများ ထွက်ပေါ်လာရေးနှင့် စပ်လျဉ်းပြီး စီမံခန့်ခွဲရေး ဆပ်ကော်မတီအနေဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင် စီးနင်းသူများအတွက် မိမိတို့နိုင်ငံ အခြေအနေနှင့် ကိုက်ညီသည့် Safety Helmet Standard ပြုစုပြဋ္ဌာန်းနိုင်ရန် Regional Workshop on Motorcycle Helmet and Minimum Safety Requirements for cars အလုပ်ရုံဆွေးနွေးပွဲကို Suu Foundation နှင့်ပူးပေါင်း၍ ၂၀၁၈ခုနှစ် ဇူလိုင်လအတွင်း နေပြည်တော်၌ ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် UN Regulation 22 (Safety Helmet) ကို Adoption ပြုလုပ်နိုင်ရေးအတွက် အမျိုးသား စံချိန်စံညွှန်းများ ကောင်စီ (NSC)သို့ တင်ပြထားသည့် အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအတွက် ဆိုင်ကယ်ဦးထုပ် "စံ" သတ်မှတ်ချက်အဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ UN Regulation 22 ကို လက်ခံကျင့်သုံးပြီး E-mark ပါသည့် ဦးထုပ်များ အသုံးပြုနိုင်မည်ဆိုပါက ယာဉ်မတော်တဆမှုကြောင့် အသက် ဆုံးရှုံးနေရခြင်းများကို သိသာထင်ရှားစွာ လျော့ကျလာစေမည် ဖြစ်ပြီး တစ်နိုင်ငံလုံးက မော်တော် ဆိုင်ကယ်စီးနင်းသူ အားလုံးအတွက် အမှန်တကယ် ထိရောက်အကျိုးရှိစေမည် ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီး ဦးထုပ်များ၏ အားသာချက်များကို ပြည်သူများကြားထဲတွင် စိမ့်ဝင်စွဲမြဲပြီး စနစ်တကျ သုံးစွဲလာစေရန်၊ လူတိုင်း ဝတ်ဆင်စေရန်ကိုလည်း ဆက်လက်အသိပညာပေး ဆောင်ရွက်ကြရဦး မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ယာဉ်မတော်တဆမှု အချက်အလက်များ ကောက်ခံသည့် လက်ရှိ Data Collecting စနစ်၏ အားနည်းချက်များကို ပြုပြင်နိုင်ရန်အတွက် ADB ၏ TA 8987 အစီအစဉ်အရ Road Crash Database System ကို ၂၀၁၈ ခုနှစ် အတွင်း ရေးဆွဲပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် ဇန်နဝါရီ (၁)ရက်ကစပြီး Road Crash Database System အသစ်ကို ပြောင်းလဲကျင့်သုံး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

ယာဉ်မတော်တဆမှုဆိုင်ရာ စာရင်းဇယား၊ အချက်အလက်များ တိကျ မှန်ကန်ပြည့်စုံမှသာ NRSC အနေဖြင့် ထိရောက်အောင်မြင်သည့် လုပ်ငန်းစဉ်/ မူဝါဒများကို ချမှတ်ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Road Crash Database System စတင်ကျင့်သုံးမှု ထိရောက် အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ကညနတို့ ပူးပေါင်းပြီး အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

လာမည့် မေလတွင် ကမ္ဘာနှင့်အဝန်း ကျင်းပပြုလုပ်မည့် UN Global Road Safety Week နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် RSC များကို မှာကြား လိုပါကြောင်း၊ WHO ၏ ဦးဆောင်မှုဖြင့် UN Global Road Safety Weekကို (၂)နှစ် တစ်ကြိမ်သတ်မှတ်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ကျေပွန်စွာ အစဉ်အဆက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် မေလ(၆)ရက်မှ (၁၂)ရက်အထိ ပဉ္စမအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကာလ (5th UN Global Road Safety Week) အဖြစ် သတ်မှတ်ပြီး ဆောင်ပုဒ်အနေဖြင့် "လူ့အသက်များကယ်ဆယ်ရန်၊ Road Safety အကြောင်းများများ ပြောကြစို့ (Save Lives - # Speak Up)" ဟူ၍ သတ်မှတ်ထားပါ ကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ဌာနများ ညှိနှိုင်းပူးပေါင်းပြီး UN Global Road Safety Week ဆိုင်ရာ လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ကျင်းပ စီမံဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

ထို့ပြင် Global Road Safety Week ၏ ယခုနှစ်ဆောင်ပုဒ်ကို အခြေခံပြီး NRSC ၏ Road Safety ဆိုင်ရာ လုပ်ငန်းစဉ်များတွင် မည်သို့အစီအမံများ ထပ်တိုးဆောင်ရွက်သွားသင့်သည်၊ မည်သို့ပြုပြင် ပြောင်းလဲဆောင်ရွက်လျှင် ပိုမိုထိရောက် အကျိုးရှိနိုင်မည်ကိုလည်း တက်ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြစေလိုပါကြောင်း၊ ဆွေးနွေး အကြံပြုချက်များအရ ပေါ်ထွက်လာ သည့် လုပ်ငန်းစဉ်တိုင်းကိုလည်း အမှန်တကယ် အကျိုးကျေးဇူးရရှိနိုင်အောင်၊ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်အောင်မြင်အောင် ဆပ်ကော်မတီအားလုံး၊ ဒေသ RSC အားလုံးက အလေးထား ကြိုးပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း။

NRSC ၏ ၂၀၁၈ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ (၁၀)နှစ်တာကာလအတွင်း တောက်လျှောက် အတက်ဘက်ကိုသာ ဦးတည်လာခဲ့သည့် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှု အခြေအနေ များသည့် ၂၀၁၈ ခုနှစ်တွင် အနည်းငယ် ပြန်လည် လျော့ကျလာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ခုနှစ်တွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုများ လျော့ကျအောင် စွမ်းဆောင်နိုင်ခဲ့ သည်ကို ကြိုဆိုရမည်ဖြစ်သော်လည်း၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းနှစ်လတွင် သေဆုံးမှု သိသိသာသာ မြင့်တက်လာသည်ကို စိစစ်တွေ့ရှိနေရပါကြောင်း၊ ယင်းကို NRSC အနေဖြင့် အထူးသတိပြု ကြိုးစားကိုင်တွယ် ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း။

စိစစ်တွေ့ရှိချက်များအရ ခရီးသည်တင်အဝေးပြေး ဘတ်(စ်)ယာဉ်ကြီးများ တွင် ခရီးသည်များ အသက်ကယ် ခါးပတ်မပတ်ကြခြင်း၊ အချို့ယာဉ်များဆိုလျှင် ခရီးသည်က အသက်ကယ်ခါးပတ် ပတ်ချင်သော်လည်း ထိုင်ခုံများတွင် ခါးပတ် ပြည့်ပြည့်စုံစုံ မပါရှိခြင်း၊ အချို့မှာလည်း ပူးပေါင်းအဖွဲ့ စစ်ဆေးချိန်များတွင်သာ ဟန်ပြခါးပတ်ပတ်ကြပြီး ကျန်ခရီးစဉ်တစ်လျှောက် ခါးပတ်မပတ်ဘဲ စီးကြခြင်း စသည်ဖြင့် အမျိုးမျိုးရှိကြပါကြောင်း၊ ထိုအခြေအနေများကြောင့် အမှန်တကယ် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှုများနှင့် ကြုံရသည့်အခါ ခရီးသည်အများစုသည် ဖြစ်သင့်ဖြစ်ထိုက်သည်ထက် သေကြေ၊ ဒဏ်ရာရ ပျက်စီးဆုံးရှုံးမှုများ ပိုမိုကြီးမားခဲ့သည်ကို သုံးသပ် တွေ့ရှိရပါကြောင်း။

ထို့ကြောင့် သက်ဆိုင်ရာ ဆပ်ကော်မတီများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် RSC များ အနေဖြင့် အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်နေကြသည့် ယာဉ်အားလုံးတွင် စီးနင်းသူ အားလုံးအတွက် ထိုင်ခုံတိုင်း အသက်ကယ် ခါးပတ်ပြည့်ပြည့်စုံစုံ တပ်ဆင်ပါရှိစေရေး၊ ပြည့်ပြည့်စုံစုံ တပ်ဆင်ပါရှိမှုမရှိပါက ချက်ချင်း ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ချမှတ် အရေးယူရေး၊ ယာဉ်မောင်းသူ သာမကယာဉ်ပေါ်ပါ စီးနင်းသူအားလုံး ခရီးစဉ်အစအဆုံး အသက်ကယ်ထိုင်ခုံ ခါးပတ်ပတ်စေရေး စသည်တို့ကို ဆောလျှင်စွာ စီမံခန့်ခွဲဆောင်ရွက်သွားရန် လိုအပ်သလို ယာဉ်ရပ်နားစခန်းများတွင် မဟုတ်ဘဲ ကြားစခန်းများတွင်လည်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေး၊ ပညာပေး၊ အရေးယူမှုများကိုလည်း အရှိန်အဟုန်မကျစေဘဲ အလေးထား ကြပ်မတ်ထိန်းချုပ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယာဉ်တိုက်ခိုက်မှု၊ သေဆုံးမှု၊ ဒဏ်ရာရမှု၊ မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားနေမှု၊ မော်တော်ဆိုင်ကယ် ဦးထုပ်များ အရည်အသွေးပြည့်မှီရန် ဆောင်ရွက်ရမည့် အခြေအနေ၊ ကုလသမဂ္ဂ၏ ရည်မှန်းချက် ပြည့်မီရေးနှင့် ၂၀၂၀ပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၃ခုနှစ်သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းလာစေရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ၂၀၁၈ ခုနှစ် နှစ်ချုပ်အစီရင်ခံစာပါ အကြောင်းအရာများကို အနှစ်ချုပ် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ် ကော်မတီတို့မှ အတွင်းရေးမှူးများက  ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်/ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်းက အရှေ့တောင်အာရှနိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာ ယာဉ်တိုက်ခိုက်မှု အခြေအနေ များကို လေ့လာသုံးသပ်တင်ပြပြီး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန  အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းက ယာဉ်မတော်တဆဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ပေးသည့် Child Safety Seats နှင့် Child Restraint System ဆိုင်ရာ ကိစ္စရပ်များကို တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှု၊ စနစ်တကျ စောင့်ကြည့်မှု၊ အရေးယူဆောင်ရွက်မှု၊ ပြည်သူများအား အသိပညာပေးမှု၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှု၊ ယာဉ်အန္တရာယ် ဖြစ်ပွားပါက အရေးပေါ် ဆောင်ရွက်ရမည့် အချက်များအား ပြည်သူများ သိရှိနိုင်ရန် အသိပညာပေးရေး၊ လမ်းကြောင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့် နေရာများအား ပြုပြင်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးသည်။

ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ၂၀၁၈ခုနှစ်တွင် တစ်နိုင်ငံလုံးဆိုင်ရာ ယာဉ်တိုက်ခိုက်မှု၊ ဒဏ်ရာရမှု၊ သေဆုံးမှုများ လျော့ကျလာအောင် ကြိုးပမ်းစွမ်းဆောင် တာဝန်ကျေပွန်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ချုပ်တွင် ယခုနှစ်ထက် ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းများရရှိအောင်၊ ၂၀၂၀ Action Plan ၏ ရည်မှန်းချက်များကို အတတ်နိုင်ဆုံး ပြည့်မီအောင် ယနေ့ ယခုအချိန်ကစပြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအားထုတ် ဖော်ဆောင်သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း၊ အထူးသဖြင့် မော်တော်ဆိုင်ကယ်စီးဦး ထုပ်မဆောင်းကြသည့်အတွက် ဦးထုပ်ဆောင်းသည့် သူများထက် ဒဏ်ရာရမှုမှာ (၂ ဒသမ ၀၄၄)ဆ၊ သေဆုံးမှုမှာ (၃ ဒသမ ၆၅၃)ဆ ပိုမိုနေသည်ကို NRSC အတွင်းရေးမှူးက ဖော်ထုတ်တင်ပြသွားပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူ၊ စီးနင်းသူအားလုံး ဆိုင်ကယ်စီးဦးထုပ်များကို မေးသိုင်းကြိုးမြဲမြံစွာတပ်ဆင်၊ ဝတ်ဆင်ပြီး စီးနင်းကြစေရန်၊ ဦးထုပ်မှာလည်း အသက်အန္တရာယ်ကို အမှန်တကယ် ကာကွယ်ပေးနိုင်သည့် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များကို ရွေးချယ် အသုံးပြုကြစေရန် ပညာပေး၊ စစ်ဆေး၊ အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

အလားတူ ကားမောင်းနှင်၊ စီးနင်းစဉ်တွင် အသက်ကယ်ထိုင်ခုံခါးပတ်ကို အသုံးမပြုသည့်အတွက် ၂၀၁၈ခုနှစ်အတွင်း ဒဏ်ရာရ (၆၂၇၆)ဦး၊ သေဆုံး (၁၂၁၄)ဦး ရှိခဲ့ပါကြောင်း၊ အသက်ကယ်ထိုင်ခုံ ခါးပတ်မပတ်ခြင်းသည် ခါးပတ်ပတ်ခြင်းထက် ဒဏ်ရာရမှုမှာ ၂ ဆနီးပါးနှင့် သေဆုံးမှုမှာ ၄ ဆ နီးပါး ပိုမိုသည်ကိုနှစ်ချုပ် အစီရင်ခံစာ တင်ပြချက်များအရ အားလုံးသိကြပြီးဖြစ်ပါကြောင်း။

ထို့ကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများကို လျှော့ချနိုင်ရန် ယာဉ်များပေါ်တွင် မောင်းနှင်သူရော၊ လိုက်ပါစီးနင်းသူ အားလုံးခရီးစဉ်အစကနေ အဆုံးအထိ ခါးပတ်ပတ်စေရန်၊ ယာဉ်များအားလုံး အထူးသဖြင့် ခရီးသည်တင်အဝေးပြေး ဘတ်(စ်) ယာဉ်ကြီးများ အားလုံး ထိုင်ခုံတိုင်းတွင် အသက်ကယ်ထိုင်ခုံခါးပတ်များ ပြည့်စုံစွာတပ်ဆင် ပါရှိပြီးဖြစ်စေရန် စီမံချက်တစ်ရပ်အသွင်ဖြင့် စစ်ဆေး၊ ကြပ်မတ်၊ အရေးယူမှုများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်ခြင်းသည် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက မိမိတို့၏ အသက်အန္တရာယ်ကို အမှန်တကယ် အကာအကွယ် ပေးနိုင်သည်ဆိုသည့် ယုံကြည်မှုကို ပြည်သူများ၏ ကိုယ်ပိုင်အသိစိတ်အထိ ပျံ့နှံ့လက်ခံစေရေး၊ ပြည်သူများ Road Safety ဆိုင်ရာ အသိအမြင်မှန်ကန်ပြီး စနစ်တကျ လိုက်နာကျင့်သုံးစေရေး အတွက် အသိပညာပေး ဟောပြော ဆွေးနွေးမှုများကိုလည်း ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိ ကွက်ပြည့်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

မကြာမီမြန်မာတို့၏ ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရောက်ရှိတော့မည် ဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ကာလများအတွင်း ယာဉ်မတော်တဆမှုများ၊ ထိခိုက် သေဆုံး၊ ဒဏ်ရာရမှုများ ရှိလာနိုင်မည်ကိုလည်း ကြိုတင် မျှော်တွေးပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း ယာဉ်မတော်တဆမှု (၃၁၇)မှု၊ ဒဏ်ရာရ (၁၀၆)ဦး နှင့် သေဆုံး (၆၄၂)ဦး ရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ယာဉ်မတော်တဆ မှုအနည်းဆုံးနှင့် မဟာသင်္ကြန်ပွဲတော်ကြီးကို ဖြတ်သန်းနိုင်ရန် အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများ၊ နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီများ အနေဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ပညာပေး၊ စစ်ဆေးကြပ်မတ်မှုများကို ပုံမှန်ကာလများထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း။

မြန်မာနိုင်ငံ၏ မှတ်ပုံတင်ယာဉ်စီးရေသည် National Road Safety Action Plan (2014-2020) စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း (၄ ဒသမ ၀၁) သန်းသာ ရှိခဲ့ရာက ယခု ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ စာရင်းအရ စုစုပေါင်း (၇ ဒသမ ၂၉) သန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ယာဉ်စီးရေတိုးပွားလာမှုနှင့် ယာဉ်မတော်တဆမှုသည် တိုက်ရိုက်အချိုးကျသည့် သဘောသဘာဝ ရှိသည့်အပြင် ယာဉ်တိုက်မှုဖြစ်ပွားရခြင်း အကြောင်းရင်း များကို ခြုံငုံသုံးသပ်ကြည့်သည့်အခါ လူကြောင့်ဖြစ်သည့် ယာဉ်တိုက်မှုသည် (၉၈ ဒသမ ၀၂) ရာခိုင်နှုန်း ဖြစ်သည့်အတွက် ပြည်သူအားလုံး၏ Road Safety ဆိုင်ရာ အသိပညာ ပြည့်ဝမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု၊ အင်တိုက်အားတိုက် ကိုယ်ရောစိတ်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ မရှိမဖြစ် လိုအပ်ပါကြောင်း။

ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရနိုင်သည့် လုပ်ငန်းတာဝန် မျိုးဖြစ်သည့်အတွက် ပြည်သူကို အသိပညာဖြန့်ဝေစည်းရုံးပြီး ပြည်သူအားလုံး နိုးကြားတက်ကြွစွာ အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် တိုးမြှင့်စည်းရုံး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ Road Safety ဆိုင်ရာ တစ်ကမ္ဘာလုံး မျှော်မှန်းချက်ဖြစ်သည့် "Towards Zero Together" ဆိုသည့် "Vision" ကို အမှန်တကယ် ရောက်ရှိလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)