ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာလုံခြုံရေးကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဧပြီလ ၁

ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေးကြီးကြပ်မှုကော်မတီ၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်က နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရေကြောင်း၊ သင်္ဘောနှင့်ဆိပ်ကမ်း ဆိုင်ရာ လုံခြုံရေးကြီးကြပ်မှုကော်မတီ ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းခဲ့ရခြင်းအကြောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို အထူးအာဏာပိုင်အဖွဲ့အစည်း (Designated Authority) အဖြစ် သတ်မှတ်တာဝန်ပေးမှုများကို ရှင်းလင်းပြောကြား၍ ရေကြောင်းဘက် ဆိုင်ရာ လုံခြုံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ပူးပေါင်း ဆောင်ရွက်ရေးနှင့် သတင်းအချက်များ ဝေမျှနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာလုံခြုံရေးကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥပဒေပြဋ္ဌာန်းချက်များ၊ ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာလုံခြုံရေးကြီးကြပ်မှု ကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းလုံခြုံရေးဆိုင်ရာ အထူးအာဏာပိုင်အဖွဲ့အစည်း (Designated Authority) ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသူများက နိုင်ငံတကာနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ မျက်မှောက်အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ကော်မတီ၏  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လည်းကောင်း၊ ဌာနအလိုက် ဆောင်ရွက်လျှက်ရှိသည့် ကိစ္စများ၊ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနအသီးသီးက ကိုယ်စားလှယ်များက မိမိတို့ဌာနအသီးသီး၏  ဆောင်ရွက်ချက်များ၊ အကြံပြုချက်များကို တက်ကြွစွာ ဆွေးနွေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသွား သင်္ဘောများနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၏ လုံခြုံရေး အတွက် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားပြီး အခမ်းအနားကို နံနက် (၁၁:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။