ရေကြောင်းဘက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ဥပဒေရေးဆွဲရေးဆိုင်ရာ အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သည် ရေကြောင်းဘက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် အတွက် ဥပဒေရေးဆွဲရေးဆိုင်ရာ အထောက်အကူပြုသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ (၂) ၌ ဖွင့်လှစ် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဥပဒေကျွမ်းကျင်ပညာရှင် ဦးကျော်စိန် Supreme Court and Notary Public ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေများ ရေးဆွဲရာတွင် အဓိကအခြေခံရမည့်အချက်များ၊ ဥပဒေများ၊ တစ်ဆင့်ခံဥပဒေများရေးဆွဲရာတွင် မြန်မာနိုင်ငံက လက်ခံထားပြီးသော ရေကြောင်းဘက်ဆိုင်ရာကွန်ဗင်းရှင်းများနှင့် ညီညွတ်မှု ရှိစေရန်၊ ဥပဒေအရထုတ်ပြန်မည့် တစ်ဆင့်ခံဥပဒေများဖြစ်သောနည်းဥပဒေ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများရေးဆွဲရာတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေမူကြမ်း ရေးဆွဲရေးလမ်းညွှန်ချက်များနှင့်အညီ ရေးထုံးရေးနည်းမှန်ကန်မှုရှိစေရေး၊ ဥပဒေပုံစံကျနခြင်း၊ ဥပဒေများကိုတရားမျှတ၍ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အလေးထားဆောင်ရွက်ရန် အချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြားတည်ဆဲဥပဒေများနှင့်ညီညွတ်ပြီး ကောင်းမွန် မျှတသောဥပဒေများဖြစ်စေရန် ဆွေးနွေးပို့ချခဲ့ပါသည်။ ထို့နောက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရေးဆွဲထားသောကုန်သည်သင်္ဘောဥပဒေ(မူကြမ်း)နှင့် ရေထုညစ်ညမ်းမှု ဆိုင်ရာဥပဒေ (မူကြမ်း) များအပေါ် ဥပဒေကြောင်းအရသုံးသပ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး တက်ရောက်လာကြသော ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဌာနမှ သက်ဆိုင်ရာအရာရှိများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ထို့နောက် ခေတ္တညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။