ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အပိုင်း(၁)၊ ရန်ကုန်မှ တောင်ငူအထိ စီမံကိန်းရထားလမ်းပိုင်း လုပ်ငန်းပြီးစီးမှုအခြေအနေ၊ တံတားတည်ဆောက်မှုလုပ်ငန်းခွင်များနှင့် ရန်ကုန် RBE ရထားစက်ရုံတို့အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ(၁၃)ရက်နေ့တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (ပြွန်တန်ဆာ စီမံကိန်းရုံး)၊ စီမံကိန်းရထားလမ်းပိုင်း ပြီးစီးမှုအခြေအနေ၊ တံတား တည်ဆောက်မှုနှင့် ရန်ကုန်ရှိ Rail Bus Engine -RBE စက်ရုံ လုပ်ငန်းခွင်များကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါရာ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)၏ ပဲခူး-ညောင်လေးပင် လမ်းပိုင်း (CP-102) စီမံကိန်းရုံး၊ ရှင်းလင်းဆောင်သို့ နံနက်ပိုင်းတွင် ရောက်ရှိလာရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ စီမံကိန်း ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးအား တာဝန်ခံ စီမံကိန်း အင်ဂျင်နီယာများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ လျာထားချက်အတိုင်း ပြီးစီးနိုင်ရေး သုံးသပ် တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့်အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) အဖြစ် အရေးပါသည့်အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ သတ်မှတ် စံနှုန်းအတိုင်း အရည်အသွေး ပြည့်မီရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများအလိုက်သတ်မှတ် အချိန်ဇယားအတိုင်း ပြီးစီးနိုင်ရေးအတွက် ဌာနတာဝန်ရှိသူများ အနေဖြင့် နိုင်ငံခြားသား ကန်ထရိုက်တာ ကုမ္ပဏီများနှင့် လိုအပ်သလို စနစ်တကျ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။    

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ စီမံကိန်းရုံးမှ ဆက်လက် ထွက်ခွါပြီး ဒိုက်ဦး-ဖောင်တော်သီ စီမံကိန်း လမ်းပိုင်း မိုင်တိုင် အမှတ်(၈၀/၆-၇)၌ တည်ဆောက်နေဆဲ ဖြစ်သည့် တံတား အမှတ်(၁၁၁)၊ ပေ(၁၈၀)အရှည်ရှိ ကောလိယ တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ စီမံကိန်း တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြ ပြီးနောက် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းခွင်တို့အား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး စီမံကိန်းဝင် ဝန်ထမ်းနှင့် ပစ္စည်းများ၏ လုံခြုံရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဂရုစိုက်ရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း၊ ဒါးပိန်ဘူတာသို့ ရောက်ရှိလာပြီးနောက် ဒါးပိန်ဘူတာမှ ရန်ကုန်ဘူတာကြီးအထိ စီမံကိန်း လမ်းပိုင်းအတွင်း ရထား လမ်းနှင့် တံတားများ တည်ဆောက်ပြီးစီးမှု အခြေအနေကို ရထားဖြင့် လိုက်ပါ စစ်ဆေးခဲ့ပြီး ရထားလမ်းဘေး ဝဲယာတစ်လျှောက် သန့်ရှင်း သာယာမှုရှိစေရေး၊ ဘူတာ ဆိုင်းဘုတ်များ သစ်လွင် တောက်ပမှုရှိ စေရေး၊ လိုအပ်ပါက ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး ယာဒ်ဝင်းအတွင်းရှိ Rail Bus Engine - RBE စက်ရုံသို့ ရောက်ရှိလာရာ စက်ရုံ တာဝန်ရှိသူများက RBE ရထားများ မွမ်းမံ ပြင်ဆင်ရေး ဆောင်ရွက် သည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရထား တွဲများ မွမ်းမံ ပြင်ဆင်မှုကို အရည်အသွေး မြင့်မားစေရေး၊ လုံခြုံစိတ်ချမှု ရှိစေရေး လိုအပ်ချက်များကို မှာကြား ဖြည့်ဆည်းပေးခဲ့ပြီးနောက် အရာထမ်း၊ အမှုထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး ယာဒ်ဝင်း၌ မွမ်းမံ ပြင်ဆင်မှု ဆောင်ရွက်နေသော ရထားတွဲဆိုင်းပေါ်သို့ တက်ရောက် ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန