ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ဘူတာများနှင့် ကုန်းတွင်းဆိပ်(Dry Port) တို့အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ မေလ (၃၀) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါ၍ မေလ(၂၉)ရက်နေ့တွင်ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းဘူတာများနှင့် ကုန်းတွင်းဆိပ်(Dry Port) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၀၉၁၀)နာရီအချိန် မော်တော်ယာဉ်များဖြင့် ညောင်လေးပင်ဘူတာသို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ညောင်လေးပင်ဘူတာအား ရှေးမူမပျက် အဆင့်မြှင့် ပြုပြင် ထိန်းသိမ်းတည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ ပဲခူး-ညောင်လေးပင် လမ်းပိုင်း(CP-102)စီမံကိန်း(ပြွန်တန်ဆာ) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီးနောက် ရှင်းလင်းဆောင်တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (မြို့ပြ)က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့်အခြေအနေများ ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ပဲခူး- ညောင်လေးပင်လမ်းပိုင်း(CP-102)စီမံကိန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွန်တန်ဆာဘူတာသို့ ရောက်ရှိပြီး ဘူတာ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီးနောက် ပြွန်တန်ဆာဘူတာမှ ဒိုက်ဦးဘူတာ အထိ RBE ရထားဖြင့်သံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။ဒိုက်ဦးဘူတာရောက်ရှိချိန်တွင်ဘူတာရှိ ရထားစီးရန်စောင့်ဆိုင်းနေသည့် ခရီးသည်များနှင့်တွေ့ဆုံ၍ ရထားဖြင့် ခရီးသွားလာရာတွင် အဆင်ပြေမှုအခြေအနေများအား ရင်းရင်းနှီးနှီး တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ခရီးသည်များလက်မှတ်ဝယ်ယူရာတွင် အဆင်ပြေစွာ ရောင်းချပေးရေး၊ ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဘူတာဆိုင်းဘုတ်များသပ်ယပ်စွာ ပြုပြင်ဆောင်ရွက်ပေးရေး တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ ပဲခူးဘူတာသို့ (၁၃၅၀)အချိန်ရောက်ရှိချိန်တွင် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နှင့် တိုင်း အမှတ်(၇)မှ တိုင်းအရာရှိများက ကြိုဆိုခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးဘူတာ ဧည့်ခန်း၌ ပဲခူးဘူတာ ရုံပိုင်ချုပ်မှ ပဲခူးဘူတာနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရထားစီးခရီးသည်များ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးဆောင်ရွက်ပေးရန်၊ ရထားများသန့်ရှင်း သပ်ယပ်မှုရှိရေး၊ ဘူတာပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိရေး၊ ဘူတာလုံခြုံမှုရှိရေး၊ မီးဘေးအန္တရာယ် ဂရုပြုဆောင်ရွက်ရေး၊ ဝန်ထမ်းလိုင်းခန်းများ ချို့ယွင်းပျက်စီးနေမှုများကို တာဝန်ရှိသူများက စစ်ဆေး ပြုပြင်ဆောင်ရွက်ပေးရေး၊ဘူတာအဆင့်မြှင့် ပြုပြင်တည်ဆောက်နေမှုများအပေါ် ရေရှည်တည်တံ့ခိုင်ခံ့စွာ အသုံးပြုနိုင်ရေးအတွက် တည်ဆောက်နေချိန်တွင် စံချိန်စံညွှန်း ကိုက်ညီရေးတာဝန်ရှိသူများက ကြီးကြပ်စစ်ဆေး ဆောင်ရွက်ပေးရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးဘူတာမှရွာသာကြီးဘူတာအထိ (၃၃.၂၅)မိုင် အား RBE ရထားဖြင့် သံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ လမ်းပိုင်းစစ်ဆေးချိန် ထုံးကြီးဘူတာရောက်ရှိချိန်၌ သံလမ်းဂဟေဆက်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းခွင်သို့ ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး က သိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ထုံးကြီးဘူတာမှ RBE ရထားဖြင့် ဆက်လက်ထွက်ခွာရာ ရန်ကုန်-တောင်ငူ ရထား လမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း၏ ရန်ကုန်-ပဲခူးလမ်းပိုင်း(CP-101)စီမံကိန်း(ရွာသာကြီး) ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့် တာဝန် ရှိသူများက ကြိုဆိုခဲ့ကြပါသည်။  စီမံကိန်းရှင်းလင်းဆောင်တွင် မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာ(မြို့ပြ)က (CP-101)၏ ရွာသာကြီး-ပဲခူး(အစုန်လမ်းပိုင်း)လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တံတားများတည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မြေသားလုပ်ငန်း ဆောင်ရွက် မှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က သိရှိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်-ပဲခူးလမ်းပိုင်း(CP-101) စီမံကိန်းဆောင်ရွက်နေသည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ လိုအပ်ချက်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းလမ်းညွှန်မှာကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ မော်တော်ယာဉ်များဖြင့် ရွာသာကြီးရှိ ကုန်းတွင်းဆိပ်(Dry Port) နှင့် ဆက်စပ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ လိုအပ်ချက်များကို ရှင်းလင်း တင်ပြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန