ရန်ကုန် စာတိုက်ကြီးနှစ် (၁၁၀)ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၀ ကျပ်တန်အထူးထုတ် တံဆိပ်ခေါင်းရောင်းချခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရန်ကုန် စာတိုက်ကြီးနှစ် (၁၁၀)ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၀ ကျပ်တန် အထူးထုတ် တံဆိပ်ခေါင်း တစ်မျိုးအား စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက် အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့၌ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်သည်။

ရန်ကုန်စာတိုက်ကြီး၌ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပထမနေ့ တံဆိပ်ခေါင်းဖျက် အထူးတံဆိပ်တုံး ရိုက်နှိပ်ပေးခြင်း၊ ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ (၁၁၀)ပြည့် အထိမ်းအမှတ် ပို့စကတ် လေးမျိုး ရောင်းချခြင်း၊  ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ (၁၁၀)ပြည့် အထိမ်းအမှတ် ကတ် (Folder) ရောင်းချခြင်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ရန်ကုန်စာတိုက်ကြီး၌ စက်တင်ဘာလ ၂၃ရက်နေ့တွင် ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ်(၁၁၀)ပြည့် အခမ်းအနား ကျင်းပခြင်း၊ မြန်မာ့စာတိုက်လုပ်ငန်းနှစ် မြန်မာနိုင်ငံ တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ အသင်းတို့ ပူးပေါင်း၍ တံဆိပ်ခေါင်းပြပွဲ ခင်းကျင်းပြသခြင်း၊ ပြပွဲအထိမ်းအမှတ် တံဆိပ်ခေါင်းဖျက် အထူးတံဆိပ်တုံး ရိုက်နှိပ် ထုတ်ဝေခြင်း ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ်(၁၁၀)ပြည့် အထိမ်းအမှတ် ပို့စကတ် လေးမျိုးရောင်းချပေးခြင်း၊ ရှေးဟောင်းတံဆိပ်ခေါင်း ထည့်သွင်းထားသည့်ကတ် (Folder) ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။