ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် မသမာသူများ၏ လက်ချက်ကြောင့် ရထားလမ်းများ ပျက်စီးမှုဖြစ်ပွား

နေပြည်တော် ဧပြီ ၁

ရန်ကုန်မြို့နေခရီးသွားမိဘပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားမှ အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန် လမ်းကြောင်းအတိုင်း လက်ဝဲရစ်လူစီးတွဲ(၃)တွဲပါ RBE ရထားတွဲဆိုင်းကို မတ်လ ၂၄ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲလျက် ရှိပါသည်။

ဤသို့ရထားပြေးဆွဲမှုဆောင်ရွက်စဉ်အတွင်း မတ်လ (၃၀) ရက်နေ့တွင် ကမာရွတ်ဘူတာရုံလမ်း level Crossing အဝင်/အထွက် အစုန်ရထားလမ်းပေါ်၌ သံလမ်းထိန်းကလစ်(၃၈)ခု၊ အဆန်ရထားလမ်း ပေါ်၌ သံလမ်းထိန်းကလစ်(၅၀)ခု စုစုပေါင်း(၈၈)ခုအား ဖြုတ်ထားကြောင်းတွေ့ရှိရသဖြင့် အစားထိုး ပြန်လည်တပ်ဆင်ပေးခဲ့ပါသည်။ သံလမ်းထိန်းကလစ်များအား ပြန်လည် ရှာဖွေရာ (၅၀)ခုသာ တွေ့ရှိရပြီး (၃၈)ခုမှာ ပျောက်ဆုံးခဲ့ခြင်း၊ ကြည့်မြင်တိုင် ဘူတာယာဒ်ဝင်းအထွက် အစုန်/အဆန် ရထားလမ်းပေါ်တွင် အရှည်(၂၀)ပေ ရထားသံလမ်းဟောင်း(၂)ချောင်း ကန့်လန့်ဖြတ်တင်ထားခြင်းနှင့် အဆန် ရထားလမ်းပေါ်တွင် စွန့်ပစ်အမှိုက်များစုပုံထားခြင်းများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

 မတ်လ (၃၁) ရက်နေ့တွင် ကြည့်မြင်တိုင်ဘူတာအဝင် အဆန်ရထားပေါ်၌ ကားတာယာအသေး (၆)လုံးကိုစုပုံထားကာ အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦး မီးရှို့ရန် စောင့်ဆိုင်းနေသည်ကို တွေ့ရှိရ သဖြင့် ရထားကိုချက်ချင်းရပ်တန့်၍ ရထားရဲတပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ဖမ်းဆီး ရမိခြင်း မရှိဘဲ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်ရပ်ကွက်အတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ ကြည့်မြင်တိုင်ဘူတာအထွက် အစုန်/အဆန်ရထား လမ်းဘေးဝဲ/ယာတွင် မီးရှို့ရန် စုဆောင်းထားသော ကားတာယာအဟောင်းများ တွေ့ရှိရသဖြင့် ရထားပေါ်တင်ဆောင်၍ စွန့်ပစ်ခဲ့ပါသည်။

ထို့နည်းတူ ဧပြီလ (၁)ရက်နေ့တွင် ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြား၌ အတွင်းရထားလမ်းတွင် သံလမ်းဆက်ပြား လေးခု ဖြုတ်ထားပြီး အဆိုပါ သံလမ်းဆက်ကြားတွင် သံပြားအသေးများ ညှပ်ထည့်ထား၍ ရှင်းလင်း ပြုပြင်ခဲ့ရခြင်း၊ ကြည့်မြင်တိုင်ဘူတာအတွင်း ရထားလမ်း၌ အဝင်ပွိုင့်တွင် ဇလီဖား (၄)တုံးမီးရှို့ထား၍ ငြှိမ်းသတ်ခဲ့ရခြင်းနှင့် အဝင်ပွိုင့်အလွန် သံလမ်းတစ်ဆက်ခန့်၌ ရထားလမ်းကွန်ဖားကလစ် (၃၀)ခု ဖြုတ်ထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားဝန်ထမ်းများက ပြန်လည်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

အထက်ဖော်ပြပါ မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက်ဖျက်ဆီးမှုများ အတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာ့မီးရထား