ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ် ၁၁၀ပြည့် အခမ်းအနားကျင်းပ

 

၂၃.၉.၂၀၁၈၊ ရန်ကုန်

ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ် ၁၁၀ပြည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရန်ကုန်စာတိုက်ကြီး၌ ကျင်းပသည်။ ရှေးဦးစွာ ရန်ကုန်စာတိုက်ကြီး နှစ် ၁၁၀ပြည့် အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးကျော်မျိုးနှင့် ဦးသာဦး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်မိုးမိုးလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာ့စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးခမ်းအောင်တို့က ကျေးဇူးတင်စကား ပြောကြားပြီးနောက် တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခေတ်အဆက်ဆက် ပြသထားသော တံဆိပ်ခေါင်းပြခန်းများကို လိုက်လံ ကြည့်ရှုကြပါသည်။

ဆက်လက်၍ မြန်မာ့စာတိုက်လုပ်ငန်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ ကြီးမှူးပြီး မြန်မာနိုင်ငံသားများအတွက် တိုင်းဒေသကြီး သုံးခု၏ စာပို့သင်္ကေတ အသိပညာ ဝေငှခြင်း အခမ်းအနားကို ကျင်းပသည်။

စာပို့သင်္ကေတ ဆိုင်ရာ ဗဟုသုတ ကြွယ်၀ခြင်းနှင့် လူမှုရေးနယ်ပယ်တွင် ပိုမိုကောင်းမွန်သော စာပို့လုပ်ငန်း ဖြစ်လာစေခြင်းသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ကလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီး သုံးခု အတွက် စာပို့သင်္ကေတ စာအုပ် ထောက်ပံ့ခြင်း အပါအဝင် တိုင်းဒေသကြီး သုံးခု၏ စာပို့လုပ်ငန်း တိုးတက်လာစေရန် မြန်မာ့စာတိုက်အား ကူညီဆောင်ရွက်ပေးနေသည်။

အခမ်းအနားတွင် စာပို့သင်္ကေတ Ambassador အဖြစ် ခန့်အပ်ခံရသော မိုရီစခိ၀င်း၏ သီဆို ဖျော်ဖြေမှုနှင့်အတူ တိုင်းဒေသကြီးသုံးခုအတွက် စာပို့သင်္ကေတ စာအုပ်၊ ပိုစတာ၊ ပြက္ခဒိန်နှင့် ပို့စကတ် များကို JICA က မြန်မာ့စာတိုက်သို့ တင်ပြ ပေးအပ်မည် ဖြစ်ပြီး၊ ကျောင်းသား ကျောင်းသူ များကလည်း ပို့စကတ်များတွင် စာပို့သင်္ကေတ အသုံးပြုပုံကို ပြသခဲ့ပါသည်။