ယူပီယူ ညွှန်ကြားရေးမှူးချုပ်မှ (၁၄၆) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနား သဝဏ်လွှာပေးပို့ခြင်း (ကောက်နုတ်ချက်)

 

အောက်တိုဘာလ (၉) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ ( World Post Day ) အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ညွှန်ကြားရေးမှူးချုပ်မှ အဖွဲ့ဝင်နိုင်ငံအသီးသီးသို့ သဝဏ်လွှာပေးပို့လာပါသည်။ အဆိုပါသဝဏ်လွှာတွင် ကမ္ဘာ့အနှံ့တွင်ဖြစ်ပေါ်နေသည့် COVID–19 ကပ်ရောဂါကာလအတွင်း စာပို့ဝန်ဆောင်မှုလုပ်ငန်းများနှင့် စာပို့ဝန်ထမ်းများ၏လုပ်ဆောင်ချက်များကို အသိအမှတ်ပြုပါကြောင်း၊ စာပို့ဝန်ထမ်းများအနေဖြင့် ချောစာ/ချောထုပ်များ အချိန်မီဖြန့်ဝေနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ အချို့သောစာပို့ဝန်ထမ်းများသည် COVID–19 ရောဂါကူးစက်မှုကြောင့် အသက်အန္တရာယ်ကြုံတွေ့ရသည်ကို တွေ့မြင်ရပါကြောင်း၊ COVID–19 ကပ်ရောဂါအန္တရာယ်ကြားမှ စာပို့ကွန်ရက်မပြတ်တောက် စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သန်းပေါင်းများစွာသော စာပို့ဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ လေကြောင်းလိုင်းများရပ်နားခြင်းနှင့် နယ်စပ်များပိတ်ထားခြင်းစသည့် အခြေအနေများတွင်လည်း ချောစာများကိုဆက်လက်စီးဆင်းစေရန် ဆောင်ရွက်ချက်များကိုတွေ့မြင်ရပါကြောင်း၊ စာပို့ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဆေးဝါးများကိုဖြန့်ဖြူးခြင်း၊ အသက်အရွယ် ကြီးသူများကို ကူညီဆောင်ရွက်ပေးခြင်း၊ ကူးစက်ရောဂါအကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို တွေ့မြင်ရပါကြောင်း၊ ကမ္ဘာ့စာပို့တိုက် သမဂ္ဂအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကပ်ရောဂါကာလအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများကိုသုံးသပ်၍ အဖွဲ့ဝင်နိုင်ငံများသို့ လိုအပ်သည့်ဆောင်ရွက်မှုများ ထောက်ပံ့နိုင်ရန် စီစဉ်လျှက်ရှိပါကြောင်း၊ စာပို့ဝန်ဆောင်မှုလုပ်ကိုင်နေသူများအနေဖြင့် အခက်အခဲများရှိသော်လည်း ကမ္ဘာပေါ်ရှိလူတိုင်းအတွက် စာပို့ဝန်ဆောင်မှုကို Universal service obligation အဖြစ် ဆောင်ရွက်ပေးနေပါကြောင်း စသည်ဖြင့်ဖော်ပြပါရှိပါသည်။